မကွေးတိုင်း၊ ပခုက္ကူမြို့မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်မ ၁၀၁ ကို ဇန်နဝါရီ ၄ ရက် ညပိုင်းက ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူ PDF တပ်ဖွဲ့က ပြောပါတယ်။
တပ်မ ၁၀၁ ကို မနေ့ည ၈ နာရီလောက်မှာ ပခုက္ကူ PDF မြေပြင်တိုက်ခိုက်ရေးခေါင်းဆောင် ဗိုလ်သင်္ခနဲ့အဖွဲ့က ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ပခုက္ကူ PDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
၇၄ နှစ်ပြည့် လွတ်လပ်ရေးနေ့အထိမ်းမှတ်အဖြစ် မလွတ်လပ်သေးတဲ့ ပြည်သူတွေအတွက် တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ ထိခိုက်ပျက်စီးတဲ့ အခြေအနေကို မသိရသေးပါဘူး။
ပခုက္ကူမြို့ဒေသခံတစ်ယောက်က “တပ်မ ၁၀၁ ဘက်က ပေါက်ကွဲသံ အကျယ်ကြီး နှစ်ချက် ကြားလိုက်ရတယ်ဗျ။ သူတို့တပ်ထဲမှာ လက်နက်စမ်းတာလား ဘာလားတော့ မသိဘူး။ ညလည်း ညဘက်ဖြစ်တဲ့အပြင် စစ်ကောင်စီတပ်ဘက်ဆိုတော့ ကျနော်တို့လည်း သွားမကြည့်ရဲဘူး” လို့ ပြောပါတယ်။
အဲဒီ တပ်မဟာ မကွေးတိုင်း အထက်ပိုင်း ယောဒေသနဲ့ ချင်းပြည်နယ်တွေကို ထိုးစစ်ဆင်နေတဲ့ တပ်မတစ်ခုဖြစ်သလို ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်ကာ အိမ်ထဲက ပစ္စည်းနဲ့ ငွေကြေးတွေကိုပါ ခိုးယူနေတဲ့ တပ်မဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ အဲဒီရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်ကို သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
အာဏာသိမ်း စစ်ကောင်စီတပ်တွေနဲ့ ထောက်ပံ့နေသူတွေကို ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) က ဇူလိုင် ၂၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
PPDF အဖွဲ့အနေနဲ့ အာဏာလုဖက်ဆစ် စစ်ကောင်စီတပ်အပါအဝင် သူတို့ရဲ့မိတ်ဘက်အဖွဲ့အစည်းတွေ၊ သတင်းပေးဒလန်တွေ၊ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီကို အားပေးအားမြှောက်ထောက်ပံ့နေသူတွေအား ပစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
ပခုက္ကူမြိုပေါ်နဲ့ အနီးတဝိုက်မှာ စစ်ကောင်စီကို နည်းမျိုးစုံနဲ့ တော်လှန်နေကြတဲ့ မြေပေါ်၊ မြေအောက် အဖွဲ့အစည်းအသီးသီးတို့နဲ့လည်း မိတ်ဘက်အဖွဲ့အစည်းများအဖြစ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပခုက္ကူမြို့နဲ့ အနီးတဝိုက်ရှိပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်တွေနဲ့ အပေါင်းအပါတွေကို တွန်းလှန်တိုက်ခိုက်ရာမှာ PPDF နဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။
ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Pakokku People Defense Force-PPDF)ကို ပခုက္ကူမြို့နယ်အတွင်းက အင်အားစုတွေစုစည်းပြီး မေလ ၁၂ ရက်မှာ ဖွဲ့စည်းထားခဲ့တယ်လို့ သိရပါတယ်။