close

အာဏာသိမ်းစစ်ခေါင်းဆောင် ထားဝယ်မြို့သို့ လာမည်ဟု သတင်းထွက်ပေါ်၊ လုံခြုံရေး တင်းကျပ်ချထား

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ထားဝယ်မြို့ကို လာရောက်ဖို့ရှိတယ်လို့ မြို့ခံတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် သတင်းတွေထွက်ပေါ်နေပြီး မြို့ပေါ်မှာတော့ လုံခြုံရေးတွေ တင်းကျပ်ချထားပါတယ်။

စစ်ခေါင်းဆောင် ထားဝယ်လာမယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး  DVB သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။

ထားဝယ်မြို့ပေါ်မှာတော့  တနင်္သာရီတိုင်းအစိုးရအဖွဲရုံးရှေ့က အာဇာနည်လမ်းမကြီးမှာ ဘယ်ရီဂိတ်အတားအဆီးတွေချထားရာက  ဇန်နဝါရီလ ၁၂ ရက်မှာတော့ ဖယ်ရှားပြီး လုံခြုံရေးတွေ အများအပြားနေရာ ယူထားတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ထားဝယ်မြို့ပေါ်မှာရှိတဲ့ လောကမာရဇိန် ဘုရားကြီးအတွင်း အပြင်မှာပါ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်က နေရာယူထားသလို ထားဝယ်မြို့ပေါ်က လမ်းဆုံ လမ်းခွတွေမှာလည်း စစ်ကောင်စီတပ်သားတွေက နေရာယူထားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

အဲဒီလို အာဏာသိမ်းစစ်ခေါင်းဆောင် ထားဝယ်မြို့ကို လာမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့အတွက် ထားဝယ်ခရိုင် လောင်းလုံမြို့နယ်လုံးဆိုင်ရာ အခြေခံ ပညာကျောင်းသားများသမဂ္ဂနဲ့ လူငယ်တွေပူးပေါင်းပြီး ဒီမနက်ပိုင်းက စစ်ခေါင်းဆောင်ကို ဆန့်ကျင်ကန့်ကွက်တဲ့ စာတန်းတွေကိုင်ဆောင်ပြီး သပိတ်မှောက်ခဲ့ကြတယ်လို့ ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်ခဲ့သူက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up