စစ်ကောင်စီဝန်ကြီးကို မတွေ့ဆုံလိုသဖြင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ရွှေ့ဆိုင်းခြင်းဖြစ်ဟု သုံးသပ်

လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ကြောင်း ကမ္ဘောဒီးယားနိုင်ငံက ပြောကြားလိုက်ပါတယ်။
ဒီတွေ့ဆုံပွဲမှာ မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေး၀န်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဖိတ်ကြားထားတဲ့ ကမ္ဘောဒီးယားရဲ့တမင်ရည်ရွယ်လုပ်ဆောင်တဲ့ အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ အစည်းအဝေးကို ရှောင်ရှားတာဖြစ်နိုင်ကြောင်း သံတမန်ရေးရာ လေ့လာသူတွေကတော့ သုံးသပ်ကြပါတယ်။
ဆီယမ်ရိမြို့မှာ ဇန်နဝါရီ ၁၉ ရက်နေ့ ကျင်းပမယ့် တွေ့ဆုံပွဲကို အာဆီယံ ဝန်ကြီးအတော်များများ လူကိုယ်တိုင် တက်ရောက်ဖို့ အခက်အခဲရှိတာကြောင့် ရွှေ့ဆိုင်းလိုက်ရတာလို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ကွေးခွန်က ပြောပါတယ်။
အစည်းအဝေးကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တာဖြစ်ပြီး ဘယ်တော့ပြန်ကျင်းပမယ် ဆိုတာတော့ ရက်မသတ်မှတ်ထားသေးပါဘူး။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ သူတို့နိုင်ငံရဲ့ လတ်တလော ရေကြီးမှုတွေနဲ့ပတ်သက်ပြီး အရေးပေါ်ပါလီမန် အစည်းအဝေးရှိတာကြောင့် တွေ့ဆုံပွဲကို နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ တက်ရောက်နိုင်ခြင်း မရှိကြောင်း ပြောကြားထားပါတယ်။
မြန်မာစစ်အာဏာရှင်တွေနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့အတွင်း နက်နက်ရှိုင်းရှိုင်း သဘောထား ကွဲလွဲနေတဲ့ လက္ခဏာတွေ ရှိနေတဲ့ကြားမှာပဲ ကမ္ဘောဒီးယားနိုင်ငံဟာ အာဆီယံရဲ့ တစ်နှစ်တာ ဥက္ကဋ္ဌတာဝန်ကို ဆိုးဆိုးရွားရွား စတင်လိုက်ပြီဖြစ်ကြောင်း South China Morning Post သတင်းမှာ ရေးပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး လမ်းကြောင်းအဖြစ် မြန်မာစစ်ကောင်စီကို ဖယ်ကျဉ်ထားတာထက် တရုတ်နဲ့ဂျပန်တို့လို ဒေသတွင်း အင်အားကြီးနိုင်ငံတွေရဲ့ ကျောထောက်နောက်ခံ ရှိပုံပေါ်တဲ့ တွေ့ဆုံဆွေးနွေးရေးကို ဦးတည်ခဲ့ပါတယ်။ ဒါပေမဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ အများအပြားနဲ့ သဘောထားနဲ့ ဆန့်ကျင် အမြင်ကွဲလွဲနေတာပါ။
တရုတ်အစိုးရဟာ မြန်မာအကျပ်အတည်းကို ကိုင်တွယ် ဖြေရှင်းရာမှာ တက်ကြွတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပြီး အရေးကြီးတဲ့ ပံ့ပိုးကူညီမှု လုပ်ဆောင်ပေးဖို့ ကမ္ဘောဒီးယားနိုင်ငံကို အပြည့်အဝ ထောက်ခံမယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝန်ဝန်ဘင်က ပြောကြားထားပါတယ်။