close

နတ်ချောင်းတိုက်ပွဲ၌ ကျဆုံးခဲ့သည့် PDF ၄ ဦးကို နာရေးအမိန့်ပြန်တမ်းထုတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်ချောင်းတိုက်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးရဲ့ အသက်ပျောက် တရားနာနဲ့ နာရေး အမိန့်ပြန်တမ်း အခမ်းအနားကို နတ်ချောင်းသုသာန်မှာ ဇန်နဝါရီ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော် ၄ ဦးကတော့ အသက် ၄၀ အရွယ် ကိုငယ်လေး၊ ကိုအဲသား၊ အသက် ၄၆ နှစ်အရွယ် ကိုအဲပွေ၊ အသက် ၄၄ နှစ်အရွယ် ကိုငွေသားတို့ ဖြစ်တယ်လို့သိရပါတယ်။

အမိန့်ပြန်တမ်းထုတ်ခြင်း၊ ဂုဏ်ပြုသေနတ်ပစ်ဖောက်ခြင်းတွေကိုလည်း ဇန်နဝါရီ ၁၉ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။

ဒီဇင်ဘာ ၂၆ ရက်နေ့ညက ကလေးမြို့နယ်နတ်ချောင်းကျေးရွာမှာ စစ်ကောင်စီက ကျေးရွာအတွင်းကို စစ်ကြောင်းထိုးလာတာကြောင့် ပြန်လည်ခုခံရင်း ကျဆုံးသွားခဲ့ကြတာလို့ PDF အဖွဲ့က သိရပါတယ်။

“ပြည်သူဘက်က ရပ်တည်ကာကွယ်ပေးခဲ့ကြတဲ့ ကျဆုံးသူရဲကောင်းများ ကောင်းရာဘုံဘဝမှာ အေးချမ်းနိုင်ကြပါစေ။  အသက်စွန့်ပေးဆပ်ခဲ့ကြတဲ့ ရဲဘော်အပေါင်းတို့အား တိုင်တည်လျက် စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲ ဝင်ကြပါမည်ဟု ပြည်သူ့ ရှေ့မှောက်တွင် သစ္စာပြုလိုက်ပါသည်” လို့ ကျဆုံးသူ ၄ဦးကို တိုင်တည်ပြီး နတ်ချောင်းကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သစ္စာဆိုခဲ့ကြတယ်လို့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒီဇင်ဘာလအတွင်းမှာ စစ်ကောင်စီက နတ်ချောင်းကျေးရွာကို လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာဒေသခံတွေ သေဆုံးခဲ့သလို မြေပြင်က လိုက်လံပစ်ခတ်သတ်ဖြတ်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်က နတ်ချောင်းကျေးရွာအတွင်း နေအိမ်အလုံး ၄၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားပြည်သူ အယောက် ၂၀ ကျော်ကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ အခုအချိန်အထိ ဒေသခံတွေဟာ နေရပ်စွန့်ခွာပြီးရှောင်တိမ်းနေရဆဲဖြစ်ပါတယ်။

စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ထဲမှာ မသန်စွမ်းသူ ၄ ဦးပါဝင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up