close

စစ်အာဏာသိမ်းပြီးနောက် အွန်လိုင်းအရောင်းအဝယ်လုပ်ငန်း ထိခိုက်

စစ်တပ်အာဏာသိမ်းပြီးနောက် Wave Money နဲ့ KBZ Pay အပါအဝင် အွန်လိုင်းငွေကြေးဝန်ဆောင်မှုတွေကို  စစ်ကောင်စီက တင်းကျပ်ထိန်းချုပ် စောင့်ကြည့်အရေးယူနေတာကြောင့် အွန်လိုင်းမှအရောင်းအဝယ်လုပ်တဲ့လုပ်ငန်းတွေ ထိခိုက်မှုတွေရှိနေတယ်လို့  ဒီလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။ 

KBZ Pay၊ Wave Pay စတဲ့ ငွေကြေးဝန်ဆောင်မှုတွေဟာ ကိုဗစ်ကာလ နောက်ပိုင်းမှာ ပိုပြီးတွင်တွင်ကျယ်ကျယ်အသုံးပြုလာကြတဲ့ အွန်လိုင်းကနေ အလွယ်တကူငွေပေးငွေလွှဲနိုင်တဲ့  ငွေကြေးလွှဲပြောင်းမှုပိုင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေ ဖြစ်ပါတယ်။ 

စစ်ကောင်စီက အခုလို စောင့်ကြည့်ပြီး အကောင့်တွေကို Freeze လုပ်နေတဲ့အတွက် ဒီဝန်ဆောင်မှုတွေကို အဓိကအားထားပြီး အွန်လိုင်းပေါ်ကနေတစ်ဆင့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးရောင်းချတဲ့ အွန်လိုင်းရှော့ပင်လုပ်ငန်းတွေဟာ အခက်ကြုံနေကြရတာပါ။ 

တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့တယ်ဆိုပြီး သင်္ကာမကင်းအဖြစ်ခံရပြီး မကြာခဏဆိုသလို အကောင့်ပိတ်ခံရတယ်လို့  ရန်ကုန်မြိုက အဝတ်အထည်တွေကို အွန်လိုင်း ကနေ ရောင်းချနေသူတစ်ဦး ပြောပါတယ်။ 

အဲဒီလိုအကောင့်ပိတ်ခံရလို့ သက်ဆိုင်ရာ ဘဏ်ကိုဆက်သွယ်မေးမြန်းရာမှာလည်း ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်ကြောင့်လုပ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ကို ပြန်လည်အသက်သွင်းပြီး ဆန့်ကျင်တော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေဆီ ငွေကြေးမထောက်ပံ့နိုင်အောင် ဖမ်းဆီး အရေးယူမှုတွေ လုပ်နေတာလည်း ဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာတော့  မှားယွင်းအပိတ်ခံရတဲ့ အကောင့်ပိုင်ရှင်တွေလည်း အများကြီးရှိနေပြီး ဗဟိုဘဏ်ဘက်က တစ်စုံတစ်ရာဖြေရှင်းထားတာမျိုးမတွေ့ရသေးပါဘူး။

အကြမ်းဖက်စစ်ကောင်စီက  ငွေထုတ်ပေးတဲ့ ဆိုင်တွေကို ငွေကျပ်သိန်းဂဏန်းထက်ပိုမထုတ်ပေးဖို့ လာရောက် တားမြစ်သတိပေးတာတွေလည်း ရှိတယ်လို့လည်း သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up