close

စစ်အာဏာသိမ်းပြီးနောက် ကယားတွင် စစ်ကောင်စီတပ်အများစုအပါအဝင်သေဆုံးသူ ၅၀၀ ခန့်ရှိ

စစ်အာဏာသိမ်းပြီးချိန်ကနေ အောက်တိုဘာ ၁၅ ရက်နေ့အထိ ကရင်နီ(ကယား) ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ အရပ်သားတွေအပါဝင် သေဆုံးသူပေါင်း ၄၇၆ ဦးရှိကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မတ်လကနေ အောက်တိုဘာ ၁၅ ရက်အထိ ကရင်နီ(ကယား) ပြည်နယ်မှာ တိုက်ပွဲ ၉၁ ကြိမ်ဖြစ်ပွားခဲ့ စစ်ကောင်စီတပ်မှ ၃၂၅ ဦး သေဆုံးကာ ကရင်နီပူးပေါင်းလက်နက်ကိုင်တပ်ဘက်က ၃၀ ဦးသေဆုံးတယ်လို့ ဖော်ပြပါတယ်။  တိုက်ပွဲတွေကြောင့်  အရပ်သားသေဆုံးမှုဟာလည်း ၉၄ ဦးရှိကြောင်း ထုတ်ပြန်ထားပါတယ်။

အဆိုပါထုတ်ပြန်ချက်အရ ကရင်နီကယားပြည်နယ်မှာ အရပ်သားသေဆုံးမှုဟာ ဧပြီလက ၃ ဦး၊ မေလမှာ ၂၄ ဦး၊ ဇွန်လမှာ ၃၆ ဦး၊ ဇူလိုင်လမှာ ၄ ဦး၊ စက်တင်ဘာလမှာ ၁၉ ဦးနဲ့ အောက်တိုဘာမှာ ၇ ဦး သေဆုံးခဲ့တယ်လို့ အသေးစိတ်ဖော်ပြထားပါတယ်။

အလားတူ စစ်ကောင်စီနဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် စစ်ကောင်စီတပ်ဘက်က  မေလမှာ ၁၁၈ ဦး၊ ဇွန်လမှာ ၃၂ ဦး၊ ဇူလိုင်မှာ ၂၂ ဦး၊ ဩဂုတ်လ ၉၄ဦး၊ စက်တင်ဘာမှာ ၇၄ ဦးနဲ့ အခု အောက်တိုဘာလမှာ ၁၂ ဦး သေဆုံးခဲ့ကြောင်း ဆိုပါတယ်။

PKPFရဲ့ ပြောခွင့်ရသူတဦးကတော့ “ ဒီစစ်ကောင်စီ သေဆုံးတဲ့စာရင်းကို ကျနော်တို့ ဘယ်လိုရယူလဲဆိုရင် KNDF ရဲ့ထုတ်ပြန်ချက်အပေါ်နဲ့ မြို့နယ်အလိုက် PDF တွေရဲ့ထုတ်ပြန်ချက်အပေါ်မှာ ကျနော်တို့မေးမြန်းပြီးတော့ စာရင်းကောက်ပြီး ပြုစုထားတာပေါ့။” လို့ ပြောပါတယ်။ 

ကရင်နီ(ကယား) ပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက် တနိုင်ငံလုံး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတွေ ဆက်တိုက်လုပ်ဆောင်လာခဲ့ပြီး မေလမှာ လက်နက်ကိုင် တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။

ဒီကနေ့အချိန်ထိ ပြည်နယ်နဲ့ မြို့နယ်ဒေသတွေအလိုက် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံသိန်းနဲ့ချီ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရသလို သူတို့ရဲ့နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာ၊ လက်နက်ကြီးကျည် ထိမှန်ပျက်စီးတာတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။

တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ရှောင်တွေအနေနဲ့လည်း ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ခံရမှုတွေရှိသလို တခြား ကျန်းမာရေးအခက်အခဲနဲ့ စားဝတ်နေရေး အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

မေလကနေ ဒီကနေ့အထိ ကယားပြည်နယ်မှာ စစ်ဘေးရှောင် တသိန်းကျော်ရှိနေကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေရဲ့စာရင်းအရ သိရပါတယ်။

ဓာတ်ပုံ- PKPF

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up