close

မဲ့အိုင်းတွင် မူးယစ်ဆေးသယ်သူများနှင့် ထိုင်းစစ်တပ် ပစ်ခတ်၊ စိတ်ကြွဆေး ၄ သန်းကျော်ဖမ်းမိ

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် မဲ့အိုင်းမြို့နယ်ထဲမှာ ဇန်နဝါရီ ၂၇ ရက်နေ့က ထိုင်းစစ်တပ် နဲ့ မူးယစ်ဆေး သယ်ဆောင်သူတွေကြား ပစ်ခတ်မှုဖြစ်ပြီး စိတ်ကြွဆေး ၄ သန်း ၂ သိန်းကျော်၊ ခေတမင်ဆေး ၂၆ ကီလိုနဲ့ လက်ပစ်ဗုံး ၁ လုံး ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းစစ်တပ် နဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့တွေဟာ မနေ့ညနေပိုင်းက မဲ့အိုင်းမြို့နယ် မဲ့ဆောင်ကျေးရွာအုပ်စု ပါဟို့နဲ့ ဘန့်လိတ်ရွာကြားရှိ တောထဲမှာ ကင်းလှည့်လုံခြုံရေးယူနေစဉ် မြန်မာနယ်စပ် တောလမ်းဘက်ကနေ ဝင်လာတဲ့ လူတစ်စုကို တွေ့ရကြောင်း၊ အဆိုပါလူစုမှာ ၃၀ နဲ့ ၄၀ ကြားရှိပြီး လက်နက်ကိုင်ကာ အထုတ်တွေသယ်လာတာတွေ့ရတဲ့အတွက် တာဝန်ရှိသူတွေက စစ်ဆေးဖို့ ရပ်တံ့ခိုင်းလိုက်တယ်လို့  တာဝန်ရှိသူက သတင်းထောက်တွေကိုပြောပါတယ်။ 

ဒါပေမယ့် တဘက်က ရပ်မပေးတဲ့အပြင် သေနတ်နဲ့စပစ်ပြီး လမ်းကြောင်းရှင်းကာ ထွက်ပြေး ခဲ့ကြောင်း၊ ထိုင်းဘက်ကလည်း ပြန်ပစ်တဲ့အတွက် ၅ မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်။ 

အသံတွေငြိမ်သွားပြီး နယ်မြေရှင်းလင်းဖို့ ဝင်သွားရာမှာတော့ ဆာလာအိတ်ပေါင်း ၃၂ အိတ်နဲ့ အမျိုးအစားမသိ လက်ပစ်ဗုံး ၁ လုံး၊ တယ်လီဖုန်း ၃ လုံး နဲ့ စကားပြောစက် ၁ လုံးတို့ကို သိမ်းဆည်းရမိကြောင်း၊ တပ်ထဲရောက်တော့ အိတ်တွေကို စစ်ဆေးရာမှာ အထဲမှာ Y-1 နဲ့ 999 တံဆိပ် စိတ်ကြွဆေးအလုံးပေါင်း ၄,၂၂၆,၀၀၀ (လေးသန်းနှစ်သိန်းကျော်)၊ ခေတာမင်မူးယစ်ဆေး အလေးချိန် ၂၆ ကီလိုဂရမ်တို့ကို တွေ့ရတယ်လို့ ဆိုပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ထပ်ကွင်းဆက်တွေ စုံစမ်းစစ်ဆေးသွားမယ်လို့  ထိုင်းစစ်တပ်တာဝန်ရှိသူက ပြောပါတယ်။

မူးယစ်ဆေးမိတဲ့ မဲ့အိုင်းမြို့နယ်ဟာ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်နဲ့ မျက်နှာချင်းဆိုင်မှာတည်ရှိပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up