close

မြန်မာ-ထိုင်းနယ်စပ် မဲ့ကိုကင်းစစ်ဘေးရှောင်စခန်းကို ထိုင်းအာဏာပိုင်များ ပိတ်သိမ်း

ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်းမှာဖွင့်လှစ်ထားတဲ့  မဲ့ကိုကင်းစစ်ဘေးရှောင်စခန်းကို ထိုင်းအာဏာပိုင်တွေက ဇန်နဝါရီ ၂၇ ရက်က ပိတ်သိမ်းလိုက်​ပြီလို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

လေးကေ့ကော်ဒေသမှာ စစ်ကောင်စီရဲ့တပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့အတွက် မဲ့ကိုကင်းစစ်ဘေးရှောင်စခန်းမှာ ကျေးရွာ ၁၀ ရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ဘေးရှောင်ခိုလှုံနေရာက ထိုင်းအာဏာပိုင်တွေက အသုတ်လိုက်ပြန်လည် စေလွှတ်ခဲ့ပြီး စခန်းကို ပိတ်သိမ်းလိုက်တာလို့ ဆိုပါတယ်။

တာခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဟာဝမ်းတိုက်နယ်၊ မဲ့ကိုကင်းရွာအနီး ယာယီခိုလှုံနေတဲ့  စစ်ရှောင်ဒုက္ခသည်တွေ ၁၀၀ လောက်ဟာ  ဇန်နဝါရီ ၂၇ ရက် ညနေ ၄ နာရီ ကျော်မှာ နောက်ဆုံးအသုတ်အဖြစ် မြန်မာနိုင်ငံဘက်ကို ပြန်သွားကြပြီဖြစ်လို့ စခန်းပိတ်သိမ်းလိုက်တာ လည်းဖြစ်ပါတယ်။

စစ်ရှောင်ခိုလှုံနေရတဲ့ ဒေသခံတွေဟာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေသေးတဲ့အတွက်  မြန်မာဘက်ခြမ်း သောင်းရင်းမြစ်ကမ်း​ဘေးမှာ ယာယီတဲထိုးနေရတယ်လို့ သိရပါတယ်။

မယ်ဝါးခီးကျေးရွာသားတစ်ဦးက"ကျနော်တို့က ရွာပြန်လို့ မဖြစ်သေးဘူး။ အခြေအနေကမှ မကောင်းတာ။ ရွာပြန်ရင် သေဖို့ပဲရှိတယ်။ မပြန်ရဲတော့ ကမ်းနဖူးမှာ ယာယီတဲထိုးပြီး နေရတယ်"လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ခါနီးမှာ ဒုက္ခသည်အရေအတွက် လျှော့ချချင်တာကြောင့် ထင်သာမြင်သာရှိတဲ့ ထိုင်းနယ်စပ်က မြန်မာဒုက္ခသည်တွေကို အတင်းအကျပ်နေရပ်ပြန်ခိုင်းတာလို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက သုံးသပ်နေကြပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံတကာမှာအမြင်ကောင်းအောင်စွမ်းဆောင်နေတာလို့ စစ်ဘေးရှောင်အရေး ကူညီပေးနေတဲ့ ဒေါကလူကွန်ရက်အတွင်းရေးမှူး စောယအဲ့နာ က ပြောပါတယ်။

"ဒါကတော့ သူတို့နာမည်ရအောင် သူတို့ကို ကမ္ဘာကနေ အမြင်တွေကောင်းအောင် စွမ်းဆောင်မှာပေါ့။ ဒါပေမဲ့ စစ်ဘေးရှောင်တွေကြတော့ ပြန်ချင်မှာ မဟုတ်ဘူး။ ပြန်ရဲမှာလည်း မဟုတ်ဘူး"

မဲ့ကိုကင်း ယာယီစစ်ဘေးရှောင်စခန်းကို ပိတ်သိမ်းလိုက်တဲ့အတွက်   လေးကေ့ကော်၊ ထီးမယ်ဝါးခီး အပါအ၀င် ကျေးရွာတချို့က ဒေသခံ ၃၀၀၀ လောက်ဟာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသေးတဲ့အတွက် နေရပ်မပြန်ရဲသေးတဲ့အတွက် နယ်ခြားမျဉ်းအနီးမှာ ဆက်လက်ပြီး ယာယီတဲထိုး နေထိုင်နေရပါတယ်။ 

ဒီဇင်ဘာ ၁၅ ရက်ကစပြီး မြ၀တီမြို့နယ် လေးကေ့ကော်ဒေသမှာ စစ်ကောင်စီရဲ့တပ်တွေက နယ်မြေကျော်ဝင်ရောက်ခဲ့တဲ့အတွက် KNLA ပူးပေါင်းတပ်တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေ ပိုမို ပြင်းထန်လာခဲ့တာပါ။

စစ်ကောင်စီဘက်က မြေပြင်လက်နက်ကြီးတွေနဲ့အတူ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကျေးရွာ ၁၀ ရွာက သောင်းနဲ့ချီတဲ့ဒေသခံတွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေး တိမ်းရှောင်ရင်း ယာယီစစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up