close

နွေဦးထီ သိန်း ၁၀၀ ကံထူးရှင်က NUG ကို ကျပ် ၁၀ သိန်းလှူ၊ ဒေါ်လာ ၁၀၀၀ တန်ငွေတိုက်စာချုပ် ဝယ်ယူ

အောင်လံလွှင့်ချီနွေဦးထီဖွင့်ပွဲမှာ ကျပ်သိန်း ၁၀၀ ကံထူးရှင်တယောက် ထွက်ပေါ်ခဲ့ပြီး လက်ရှိမှာတော့ သူရရှိတဲ့ ဆုကြေးငွေတွေထဲက ကျပ် ၁၀ သိန်းကို ပြန်လည်လှူဒါန်းခဲ့ပြီး အထူးငွေတိုက်စာချုပ် ဒေါ်လာ ၁၀၀၀ တန်ကို ဝယ်ယူသွားခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ရောင်းချနေတဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွက် “အောင်လံလွှင့်ချီ နွေဦးထီ”မှာတော့ သိန်း ၁၀၀ ဆု ၁ ဆုနဲ့ ၁၅ သိန်းဆု ၄၉ ဆုကို ချီးမြှင့် နိုင်ခဲ့တာပါ။

အောင်လံလွှင့်ချီနွေဦးထီကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာ ရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၅ ရက်နေ့မှာ စတင် ရောင်း ချခဲ့တာဖြစ်ပြီး  ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့၀န်ထမ်း CDM တွေအတွက် သုံးစွဲသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားဖို့ ကြေညာ ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွက် နွေဦးထီ ကျပ်သိန်း ၁၀၀ ကံထူးရှင်ကတော့ သူရရှိတဲ့ ဆုမဲငွေ သိန်း ၁၀၀ ကျပ်လုံးကို စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ပြန်လည်လှူဒါန်းပေးခဲ့တာကို တွေ့ရပါတယ်။

အဲဒီအရင်လတုန်းက စမ်းသပ်ရောင်းချခဲ့တဲ့ နွေဦးထီကံထူးရှင်ရွေးချယ်ပွဲမှာတော့ ကံထူး သူ ၇၅ ယောက်ထဲက ၆၃ ယောက်က တော်လှန်ရေးအတွက် ပြန်လည်လှူဒါန်းပေးခဲ့တာ ဖြစ်ပြီး နွေဦးထီ မိသားစုရဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ နွေဦးထီနဲ့ ပတ်သက်ပြီး ဖွင့်လှစ်ရောင်းချသူတွေနဲ့ အား ပေးအားမြှောက်ပြုလုပ်သူတွေကို တရားစွဲ၊ ဖမ်းဆီး ထောင်ချသွားမယ်လို့ ခြိမ်းခြောက် ကြေညာထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေ သပိတ်မှောက်ပြီး မထိုးဘဲနေတဲ့  အောင်ဘာလေထီကိုလည်း အွန်လိုင်းကနေရောင်းချဖို့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီက စီစဉ်နေပေမယ့် ခုချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up