close

ဂီနီဘစ်ဆောင်နိုင်ငံတွင် အာဏာသိမ်းရန် ကြိုးပမ်းမှု မအောင်မြင်

အာဖရိကအနောက်ပိုင်း အတ္တလန္တိတ်သမုဒ္ဒရာ ကမ်းရိုးတန်းရှိ  ဂီနီဘစ်ဆောင်နိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းဖို့ ကြိုးစားမှုဖြစ်ခဲ့တယ်လို့ သမ္မတ အူမာရိုဆစ်ဇိုကို အမ်ဘာလိုက ပြောပါတယ်။

အစိုးရအဖွဲ့အစည်းအဝေး စပြီးပြီးချင်းမှာ တိုက်ခိုက်သူတွေက အစိုးရအဖွဲ့ရုံးထဲဝင်ဖို့ ကြိုးစားခဲ့ပေမဲ့ တွန်းလှန်တိုက်ခိုက်နိုင်ခဲ့တယ်လို့ သမ္မတက ညနေခင်းမှာ ပြောပါတယ်။

ဒါဟာ အာဏာသိမ်းဖို့ကြိုးစားမှု သက်သက်မဟုတ်ဘဲ သမ္မတနိုင်ငံမှာ သမ္မတနဲ့ အစိုးရအဖွဲ့ဝင် အားလုံးကို သတ်ဖို့ကြိုးစားမှုလည်းဖြစ်ပြီး ဒါပေမဲ့ သူတို့ မဝင်နိုင်ခဲ့ဘူးလို့ သမ္မတက ပြောပါတယ်။

သမ္မတက အစိုးရအဖွဲ့ အစည်းအဝေးကို သဘာပတိအဖြစ် ကြီးမှူး ကျင်းပနေတဲ့ အစိုးရအဖွဲ့ရုံး နားမှာ သေနတ်သံတွေ အကြီးအကျယ် ပေါ်ထွက်ခဲ့တာပါ။

တိုက်ခိုက်သူတွေဟာ ကောင်းကောင်းပြင်ဆင် ဖွဲ့စည်းစီစဉ်ထားတယ် မူးယစ်ကုန်ကူးမှုထဲမှာ ပါဝင်ပတ်သက် နေတဲ့သူတွေဖြစ်နိုင်တယ်လို့ သမ္မတက ပြောပေမယ့် နောက်ထပ် အသေးစိတ် အချက်အလက်တွေကိုတော့ မပြောပါဘူး။ 

ဒီမိုကရေစီအပေါ် တိုက်ခိုက်မှုကို တွန်းလှန်ရင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အများအပြား အသတ်ခံခဲ့ရပြီး ဒါဟာ မူးယစ်ကုန်ကူးမှုတွေနဲ့ ပတ်သက်ကောင်း ပတ်သတ်နိုင်တယ်လို့ သမ္မတက ပြောပါတယ်။

အာဖရိကသမဂ္ဂနဲ့ အနောက်အာဖရိက အဖွဲ့အစည်း အီကိုဝက်စ်တို့က ဒီဖြစ်ရပ်ကို အာဏာသိမ်းဖို့ ကြိုးစားမှုအဖြစ် ခေါ်ဝေါ်ခဲ့ပြီး နာရီအတော်ကြာကြာအထိ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိကြရပါဘူး။

ဘာကီနာဖှာဆိုနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းရင်း သမ္မတကို ဖြုတ်ချခဲ့ပြီးတဲ့နောက် သီတင်းပတ် တပတ်အတွင်း အနောက်အာဖရိက ကမ်းရိုးတန်းက ပေါ်တူဂီ ကိုလိုနီဟောင်း ဂီနီဘစ်ဆောင် နိုင်ငံမှာ ခုလို အာဏာသိမ်းဖို့ ကြိုးစားခဲ့တာပါ။

ဂီနီဘစ်ဆောင်နိုင်ငံဟာ လက်တင်အမေရိကထွက် ကိုကင်းတွေကို ဥရောပဆီတင်ပို့ရာမှာ အဓိက လမ်းကြောင်းလို့ ကုလသမဂ္ဂက ရှုမြင်ထားပါတယ်။

မူးယစ်ကုန်ကူးမှုထဲမှာ ဒီနိုင်ငံ စစ်တပ်ထဲက လူတချို့ ပါတယ်လို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂ အာဏာပိုင်တွေက သံသယ ရှိနေတာ ကြာပါပြီ။

သမ္မတကတော့ အင်္ဂါနေ့ တိုက်ခိုက်မှုမှာ စစ်တပ် မပါခဲ့ဘူးလို့ ရုပ်သံကနေ ပြောခဲ့ပါတယ်။ သူဟာ အရင် နိုင်ငံရေး အကျပ်အတည်းအတွင်း စစ်တပ်ရဲ့ ခိုင်ခိုင်မာမာ ထောက်ခံမှုကို ရခဲ့တယ်လို့လည်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up