close

အာဏာသိမ်း

close

January 31, 2023

အာဏာသိမ်း ၂ နှစ်အတွင်း စစ်အုပ်စု အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၂၉၄၀ ထိ ရှိလာ

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်တာအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၂,၉၄၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၇,၅၇၂ ယောက်ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၇၆၃ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂,၂၇၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၁ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၃ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၇၈၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းအစိုးရအဖွဲ့ရဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို ပုသိမ်အကျဉ်းထောင်တွင်း အထူးတရားရုံးကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ ဇန်နဝါရီ ၃၀ ရက်မှာ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ် ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဒေါက်တာလှမြတ်သွေးဟာ ဧရာဝတီတိုင်းထဲက အစိုးရအိမ်ရာဝင်းမှာ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်မှာတော့ ပုသိမ်အကျဉ်းထောင်ကို လွှဲပြောင်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်ကလည်း အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မအူပင် အရှေ့ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်တွေကို မီးရှို့ခဲ့တဲ့အပြင် ရွာသား ၂ ယောက်ဖြစ်ကြတဲ့ ဦးမြင့်သန့်နဲ့ ဦးကံထူးတို့ကိုသတ်ဖြတ်ကာ ရုပ်အလောင်းတွေကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။ နောက်တရက် ဇန်နဝါရီ ၃၀ ရက်မနက်ပိုင်းမှာတော့ သူတို့ ကျေးရွာထဲကနေ ပြန်လည် ထွက်ခွာ သွားပြီးနောက် အဆိုပါရွာသား ၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေက တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

10 hours Ago

January 15, 2023

အာဏာသိမ်း တူနီးရှားသမ္မတ ရာထူးကနုတ်ထွက်ရန် ဆန္ဒပြ

တူနီးရှားသမ္မတ ခိုက်ဆာအိရဲ့ အကြွင်းမဲ့နီးပါး အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ သူ ရာထူး ကနေဆင်းပေးဖို့ ဇန်နဝါရီ ၁၄ ရက်မှာ ထောင်နှင့်ချီတဲ့ ဆန္ဒပြသူတွေက တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

အဓိက ဆန္ဒပြပွဲတွေကျင်းပလေ့ရှိတဲ့ ဗဟိုရိပ်သာလမ်း  ဟာဘစ်ဘူဂွေဘာမှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ စစ်အစိုးရ ပြုတ်ကျရေး တောင်းဆို ကြွေးကြော်ခဲ့ကြသလို တူနီးရှားအလံတွေကို ဝှေ့ယမ်းခဲ့ကြတယ်လို့ ရိုက်တာသတင်းထောက်က ပြောပါတယ်။

ရိပ်သာလမ်းပေါ်ကို ရောက်ဖို့ ဆန္ဒပြသူ တွေက ရဲတပ်ဖွဲ့နဲ့ သတ္တုအတားအဆီးတွေကို ဖြတ်ကျော်တွန်းလှန်ရာက ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

အာဏာရှင်ဟောင်း ဇင်း အယ်လ် အဘစ်ဒင်း ဘန်အလီကို ဖြုတ်ချပြီး ၁၂ နှစ်အကြာ ဇန်နဝါရီ ၁၄ ရက်နေ့ကို တူနီးရှားပါတီတွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း အများစုက တော်လှန်ရေး နှစ်ပတ်လည်နေ့အဖြစ် ရှုမြင်ကြပါတယ်။

2 weeks Ago
Up