အာဖရိကသမဂ္ဂအဖွဲ့ဝင် ၅၅ နိုင်ငံ အာဏာသိမ်းမှု ပြဿနာများ ဖြေရှင်းရေး ဆွေးနွေး

ဖေဖော်ဝါရီ ၅ ရက်မှာ ကျင်းပတဲ့ အာဖရိကသမဂ္ဂ (AU) ရဲ့ ထိပ်သီးအစည်းအဝေးကို အဖွဲ့ဝင် ၅၅ နိုင်ငံမှ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပြီး အာဖရိကတိုက်မှာ လတ်တလော ရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉၊ ရာသီဥတု ပြောင်းလဲမှုနဲ့ အာဏာသိမ်းမှုတွေကို အဓိကထားဖြေရှင်းဖို့ ဆွေးနွေးခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၂၀ က ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် စတင်ထူထောင်ခဲ့တဲ့ အာဖရိကသမဂ္ဂဟာ ပြီးခဲ့တဲ့ ၁၈ လအတွင်း အာဏသိမ်းမှု ၆ ခု ဖြစ်ခဲ့တဲ့ အာဖရိကနိုင်ငံတွေအပေါ် ပြတ်ပြတ်သားသား အရေးယူမှု မလုပ်နိုင်ခဲ့ပါဘူး။
အခု ထိပ်သီးအစည်းအဝေးမှာတော့ အာဏာလုယက်မှုပြဿနာက အစည်းအဝေး အဓိက အာဂျင်ဒါ ဖြစ်လာတာပါ။
ဆူဒန်၊ မာလီနဲ့ ဘာကီနာဖာဆိုတို့ရဲ့ စစ်အာဏာသိမ်းမှုတွေကို သမဂ္ဂက အရေးယူသွားဖို့ရှိပေမဲ့ ဘယ်ပုံဘယ်နည်း လုပ်ဆောင်မလဲဆိုတာ အဖြေမရှိသေးပါဘူး။
အာဖရိကကော်မရှင်ဥက္ကဋ္ဌ မူဆာ ဖာကီမဟာမက် က အစည်းအဝေးဖွင့်ပွဲမှာ အာဖရိကနိုင်ငံတွေ ပိုမိုစည်းလုံးညွတ်မှုကို တောင်းဆိုပြီး အာဏာသိမ်းမှုတွေကို နည်းလမ်းသစ်ဖြေရှင်းဖို့ တိုက်တွန်း ပါတယ်။
ဗွီဒီယိုကတဆင့် အဖွင့်စကားပြောခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ၂၀၂၀ နိုဝင်ဘာမှာ ထောင်ပေါင်းများစွာ အသတ်ခံခဲ့ရတဲ့ အီသီယိုပီးယား ပဋိပက္ခအတွက် အပစ်အခတ်ရပ်စဲဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်။