ဖေဖော်ဝါရီ ၅ ရက်မှာ ကျင်းပတဲ့ အာဖရိကသမဂ္ဂ (AU) ရဲ့ ထိပ်သီးအစည်းအဝေးကို အဖွဲ့ဝင် ၅၅ နိုင်ငံမှ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပြီး အာဖရိကတိုက်မှာ လတ်တလော ရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉၊ ရာသီဥတု ပြောင်းလဲမှုနဲ့ အာဏာသိမ်းမှုတွေကို အဓိကထားဖြေရှင်းဖို့ ဆွေးနွေးခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၂၀ က ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် စတင်ထူထောင်ခဲ့တဲ့ အာဖရိကသမဂ္ဂဟာ ပြီးခဲ့တဲ့ ၁၈ လအတွင်း အာဏသိမ်းမှု ၆ ခု ဖြစ်ခဲ့တဲ့ အာဖရိကနိုင်ငံတွေအပေါ် ပြတ်ပြတ်သားသား အရေးယူမှု မလုပ်နိုင်ခဲ့ပါဘူး။
အခု ထိပ်သီးအစည်းအဝေးမှာတော့ အာဏာလုယက်မှုပြဿနာက အစည်းအဝေး အဓိက အာဂျင်ဒါ ဖြစ်လာတာပါ။
ဆူဒန်၊ မာလီနဲ့ ဘာကီနာဖာဆိုတို့ရဲ့ စစ်အာဏာသိမ်းမှုတွေကို သမဂ္ဂက အရေးယူသွားဖို့ရှိပေမဲ့ ဘယ်ပုံဘယ်နည်း လုပ်ဆောင်မလဲဆိုတာ အဖြေမရှိသေးပါဘူး။
အာဖရိကကော်မရှင်ဥက္ကဋ္ဌ မူဆာ ဖာကီမဟာမက် က အစည်းအဝေးဖွင့်ပွဲမှာ အာဖရိကနိုင်ငံတွေ ပိုမိုစည်းလုံးညွတ်မှုကို တောင်းဆိုပြီး အာဏာသိမ်းမှုတွေကို နည်းလမ်းသစ်ဖြေရှင်းဖို့ တိုက်တွန်း ပါတယ်။
ဗွီဒီယိုကတဆင့် အဖွင့်စကားပြောခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ၂၀၂၀ နိုဝင်ဘာမှာ ထောင်ပေါင်းများစွာ အသတ်ခံခဲ့ရတဲ့ အီသီယိုပီးယား ပဋိပက္ခအတွက် အပစ်အခတ်ရပ်စဲဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်။
အီသီယိုးပီးယားနိုင်ငံအတွင်း ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းရာမှာ တိုးတက်မှုရှိအောင် အာဖရိကသမဂ္ဂနဲ့အတူ ဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းရှိတယ်လို့ ယုံကြည်ကြောင်းကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ နဒ်ပရိုက်စ်က နိုဝင်ဘာ ၈ ရက်မှာ ပြောပါတယ်။
အီသီယိုပီးယားနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် ဂျက်ဖရီ ဖဲ့တ်မဲန်းဟာ အာဖရိကသမဂ္ဂရဲ့ အထူးသံတမန်ဖြစ်သူ နိုင်ဂျီးရီးယား သမ္မတဟောင်း အိုလူရှီဂံ အိုဘာစံဂျိုနဲ့ တွေ့ဆုံမယ်လို့လည်း သူက သတင်းထောက်တွေကို ပြောလိုက်ပါတယ်။
အီသီယိုပီးယား မြောက်ပိုင်းမှာ အစိုးရနဲ့ တီဂရေး သူပုန်တပ်တို့ကြား နှစ်ချီနေတဲ့ လက်နက်ကိုင် ပဋိပက္ခအတွင်း ရန်လိုမှုတွေ အဆုံးသတ်ဖို့ အမေရိကန် အစိုးရက ထပ်ခါတလဲ ဆော်ဩနေခဲ့ တာပါ။
ခုတော့ တိုက်ပွဲက လတ်တလော ရက်တွေအတွင်း အရှိန်မြင့်လာခဲ့ပါတယ်။ တီဂရေးတပ်တွေနဲ့ မဟာမိတ်တွေက မြို့တော်ကို ချီတက်မယ်လို့ ခြိမ်းခြောက်နေတာပါ။ အရင်အပတ်က အစိုးရက ခြောက်လကြာ အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။
၂၀၂၀ နိုဝင်ဘာကစပြီး ပြည်ထောင်စု အစိုးရတပ်နဲ့ တီဂရေးဒေသ လက်ရှိအာဏာရပါတီ တီဂရေး လွတ်မြောက်ရေး တပ်ဦးတို့ကြား စစ်ပွဲဖြစ်ခဲ့တာပါ။ ဒါကြောင့် လူထောင်ချီ သေဆုံးပြီး လူ ၂ သန်းကျော် အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ရပါတယ်။
အရင်အပတ်က အီသီယိုပီးယားနိုင်ငံကို ရောက်နေတဲ့ အမေရိကန် အထူးသံတမန်ဟာ အီသီယိုပီးယားနဲ့ ဒေသတွင်းနိုင်ငံတွေက အရာရှိတွေနဲ့ တွေ့ဆုံပြီးပါပြီ။ သူဟာ မနေ့က ကင်ညာနိုင်ငံကနေ အီသီယိုပီးယားနိုင်ငံဆီ ပြန်လာခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ နဒ်ပရိုက်စ်က ပြောပါတယ်။