ယူကရိန်းပြည်သူများ ကြောက်ရွံ့စိတ်ဖယ်ရှားပြီး အလံများလွှင့်၍ စည်းလုံးညီညွတ်မှုပြ

အနောက်အင်အားကြီးနိုင်ငံတွေက ရုရှားရဲ့ကျူးကျော်ဝင်ရောက်မှု ဖြစ်လာနိုင်ခြေရှိတယ်လို့ ပြောဆိုနေချိန်မှာ ယူကရိန်းပြည်သူတွေက ကြောက်ရွံ့စိတ်ဖယ်ရှားပြီး စည်းလုံးညီညွတ်မှုပြသဖို့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က နိုင်ငံတော်အလံတွေကိုင်ပြီး နိုင်ငံတော်သီချင်းတွေ သီဆိုခဲ့ပါတယ်။
သမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီးက အားလပ်ရက်တရက်ကို ‘ညီညွတ်ရေးနေ့’ အဖြစ် သတ်မှတ်ကျင်းပခဲ့ပြီး ကျောင်းတွေ၊ ဆေးရုံတွေ၊ ဈေးဆိုင်တွေမှာ အဝါနဲ့အပြာ အလံတွေ ဆိုင်းဘုတ်တွေ လွှင့်ထူခိုင်းထားပါတယ်။
ကိယက်ဗ်မြို့ အိုလံပစ်အားကစားကွင်းထဲမှာ ကီလိုမီတာ ၂၀၀ ကျော်ရှည်လျားတဲ့ ယူကရိန်းအလံကို လူရာချီ ကိုင်ဆောင်ဝှေ့ယမ်းပြီး မျိုးချစ်စိတ်ဓာတ်သီချင်းတွေ သီဆိုခဲ့ပါတယ်။
ကိယက်ဗ်မြို့မှာနေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ်လူငယ်က “ဘာတွေဖြစ်နေနေ ယူကရိန်းဟာ တနိုင်ငံတည်း လူမျိုးတမျိုးတည်းပဲ အားလုံးညီညွတ်နေတယ်၊ မျိုးချစ်စိတ်ဓာတ်ကို ပြသကြတယ်။ ဒါပေမဲ့ ကျနော်တို့ စစ်ပွဲမလိုလားဘူး၊ ငြိမ်းချမ်းရေးလိုလားတယ်” လို့ ပြောပါတယ်။