သီရိလင်္ကာတွင် လောင်စာဆီ ပြတ်လပ်

နိုင်ငံခြားငွေလဲလှယ်နှုန်းကြောင့် လောင်စာပြတ်လပ်နိုင်တယ်လို့ စွမ်းအင်ဝန်ကြီးက သတိပေးထားပြီးတဲ့နောက် သီရိလင်္ကာနိုင်ငံမှာ ဓာတ်ဆီဆိုင် အတော်များများမှာ ကားတန်းရှည်ကြီးကို ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ရပါတယ်။
သီရိလင်္ကာဟာ ဒီဇယ်ဆီ တန်ချိန် ၄ သောင်းအတွက် အမေရိကန်ဒေါ်လာ ၃၅ သန်း ပေးဖို့ ကြိုးစားနေပြီး နိုင်ငံထဲမှာ ရက်နည်းနည်းအတွက်သာ လောင်စာကျန်တော့တယ်လို့ စွမ်းအင်ဝန်ကြီး ယူဒါယာ ဂမ်မန်ပီလာက ဖေဖော်ဝါရီ ၂၁ ရက်က ပြောပါတယ်။
သူ့ဝန်ကြီးဌာနဟာ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ရော ဗဟိုဘဏ်နဲ့ပါ ရန်ပုံငွေ ထုတ်ပေးဖို့ ဆွေးနွေး နေတယ်လို့လည်း သူက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၀ မှာ ကိုလံဘိုဆိပ်ကမ်းကို ရောက်နေပြီဖြစ်တဲ့ လောင်စာတင်သင်္ဘော အပါမှ နိုင်ငံထဲမှာ ဒီဇယ်ဆီ ခြောက်ရက်စာပဲ ကျန်တော့တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
အကျပ်အတည်းကို ပြင်ဆင်ဖို့ အစိုးရပိုင် ဆီလုံ ရေနံကော်ပိုရေးရှင်းဟာ ဓာတ်ဆီဆိုင်တွေမှာ ပုံမှန် ဖြန့်ဖြူးနေကျ ပမာဏရဲ့ ထက်ဝက်ဖြစ်တဲ့ ဝေပုံကျ လောင်စာဆီကို စဖြန့်ဖြူးပေးနေပြီလို့လည်း ဝန်ကြီးက ပြောပါတယ်။