close

ယူကရိန်းစစ်ပွဲဂယက်ကြောင့် ကမ္ဘာ့လောင်စာဆီစျေးတက်မှုနှင့်အတူ မြန်မာ့ကုန်ဈေးနှုန်း မြင့်တက်

ယူကရိန်းအပေါ် ရုရှားနိုင်ငံရဲ့ကျူးကျော်စစ်ပွဲကြောင့်   ကမ္ဘာ့လောင်စာဆီစျေးနှုန်း ကြီးမြင့်လာမှုနဲ့အတူ  နောက်ဆက်တွဲ ကုန်စည်စျေးနှုန်းတွေ မြင့်တက်လာမှုဒဏ်ကို မြန်မာပြည်သူတွေ ပိုမိုခံစားရဖို့ ရှိတယ်လို့ သုတေသီတွေက ပြောပါတယ်။

Oil-Price.Net ဝက်ဘ်ဆိုက်က ထုတ်ပြန်တဲ့အချက်အလက်တွေအရ ကမ္ဘာ့ရေနံစိမ်း ၁ စည် တန်ဖိုးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်က အမေရိကန်ဒေါ်လာ ၉၀ သာရှိခဲ့ပေမဲ့  ဒီကနေ့ မတ်လ ၃ ရက်မှာတော့  အမေရိကန်ဒေါ်လာ ၁၁၀ ဒသမ ၆ ဒေါ်လာ ရှိတာကြောင့် တလအတွင်းမှာ ရာခိုင်နှုန်းအားဖြင့် ၆ ဒသမ ၅ ရာခိုင်နှုန်းမြှင့်တက်မှု ရှိခဲ့တာပါ။

ရန်ကုန်မြို့စက်သုံးဆီစျေးကွက်မှာတော့ ဒီကနေ့ ဓာတ်ဆီ (၉၂) အမျိုးအစား ၁ လီတာ ၁၉၁၀ ကျပ်၊ ဓါတ်ဆီ(၉၅) အမျိုးအစား ၁ လီတာ ၁၉၆၅ ကျပ်၊ ဒီဇယ်(ရိုးရိုး) ၁ လီတာ ၁၉၂၅ ကျပ်နဲ့ ဒီဇယ်(ပရီမီယံ) ၁လီတာ ၁၉၃၅ ကျပ်ရှိပါတယ်။

ဒါပေမဲ့ ရန်ကုန်ပြင်ပတခြားမြို့တွေမှာတော့ စက်သုံးဆီစျေးတွေက ၁ လီတာကို ကျပ် ၂၀၀၀ ကျော်အထိ ရှိလာပါတယ်။

လောင်စာဆီစျေးနှုန်းတွေ အခုလိုမြင့်တက်လာတဲ့အပေါ် နိုင်ငံအသီးသီးမှ အစိုးရတွေက ဒီသက်ရောက်မှုအတွက် ကုစားရေး အစီအစဉ်တွေ လုပ်ဆောင်နေကြပေမဲ့ အာဏာသိမ်း စစ်ကောင်စီကတော့ လစ်လျူရှူထားတာကြောင့် မြန်မာ ပြည်သူတွေက ပိုမိုခံစားရဖို့ ရှိနေပါတယ်။

ပြည်ပရောက်စီးပွားရေးပညာရှင်တဦးက “အထူးသဖြင့် စိုးရိမ်တာက ရေနံစျေးနှုန်းတွေ တက်လာနိုင်တယ်ဗျ။ လောင်စာဆီ စျေးနှုန်းတွေတက်လာလို့ရှိရင် ဒါက အားလုံးရိုက်ခတ်မှု ခံရမှာပဲလေ။ ထိုင်းမှာတော့ ဒီဇယ်စျေးတွေ တက်လာမယ်ဆိုရင် အထူးသဖြင့် တနေရာနဲ့ တနေရာ ကုန်စည်စီးဆင်းမှုမှာပေါ့။ ကုန်ပစ္စည်းတွေရဲ့ စျေးနှုန်းတွေက တက်လာမယ်လေ။ ဒီတော့ ထိုင်းအစိုးရက သူတို့ စဉ်းစားနေတာက ဒီဇယ်စျေးက တလီတာကို ထိုင်းငွေ ဘတ် ၃၀ မကျော်စေရေး ဆိုပြီးတော့ ထိုင်းအစိုးရ စိုက်ထုတ်ပေးဖို့ရှိတယ်။ ဒါမျိုး စဉ်းစားပေးတာ တွေ့ရတယ်။ မြန်မာပြည်မှာတော့ ဒါနဲ့ပတ်သတ်ပြီး အာဏာသိမ်း စစ်ကောင်စီဘက်က လုပ်မယ့်အစီအစဉ်တော့ မတွေ့ရသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

စီးပွားရေးသုတေသီတဦးကလည်း “ရေနံစျေးတွေက မြင့်မှာပဲ။ ပြီးတော့ အစားအသောက်။ စားနပ်ရိက္ခာကုန်တွေ စျေးတက်မှာနော်။ အဲ့ဒါက အားလုံးကို ရိုက်ခတ်မှာ။ ဘာလို့လဲဆို ယူကရိန်းက စားနပ်ရိက္ခာကို တော်တော်လေးထုတ်လုပ်ပြီး တင်ပို့နေတဲ့ နိုင်ငံလေ။ ပြီးတော့ အခုဆိုရင် ကျနော်တို့ နိုင်ငံက ထွက်နှုန်းက ကျနေပြီနော်။ ဒီကြားထဲမှာ ဓါတ်မြေသြဇာ စျေးတွေက တက်တော့ထပ်မထည့်နိုင်တော့လို့ အထွက်နှုန်းက ထပ်ကျဦးမှာ။ ဒီတော့ စားနပ်ရိက္ခာ ရှားပါးမှုတွေ ပိုကြုံလာရဦးမယ်။ အောက်ခြေက ဆင်းရဲသားတွေ ပိုပြီးတော့ ငတ်နိုင်တယ်။ ပိုဆိုးသွားတာက ကျနော်တို့နိုင်ငံမှာ အကြမ်းဖက်စစ်တပ်ကြောင့် ပဋိပက္ခနဲ့ မတည်ငြိမ်မှုတွေက ရှိနေတာဆိုတော့ ပိုဆိုးတာပေါ့” လို့ဆိုပါတယ်။

လက်ရှိမှာဆိုရင်လည်း အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်စျေး ၊ဆီစျေးတွေက ပြီးခဲ့တဲ့လနဲ့ နှိုင်းယှဉ်ရင် အတက်ရှိလာပါတယ်။

ရန်ကုန်မြို့မှ အိမ်ရှင်မတဦးကလည်း “ပြီးခဲ့တဲ့လက ဆန်ချောပေါ့နော်။ တအိတ်(၂၄ပြည်) ကို အရင်လက ငါးသောင်းကျပ်ပေးရတယ်။ အခုလဝယ်တာ ငါးသောင်းခွဲ ဖြစ်သွားလို့ တအိတ်ကို ငါးထောင် ကျပ်တက်သွားတယ်။ ဆီဆိုရင် လည်း ပြည်ပကသွင်းတဲ့ ဟင်းသီးဟင်းရွက်ဆီအမျိုးအစားပေါ့။ အလေးချိန် ၁ ဒသမ ၈ လီတာ ပါတဲ့ဘူးက အရင်လက ခြောက်ထောင်ကျော်ပေးရတဲ့ပစ္စည်းက အခုလဝယ်တော့ ၇၆၀၀ ကျပ်ဖြစ်သွားလို့ ကျပ် တထောင်ကျော်တက်သွားတယ်” လို့ပြော ပါတယ်။

ကမ္ဘာ့ဘဏ်မှ နောက်ဆုံးထွက်ရှိတဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာအရ မြန်မာ့ လူဦးရေ ထက်ဝက်နီးပါးက ဆင်းရဲတွင်းထဲ ကျဆင်းသွားမယ်လို့  ခန့်မှန်းထားကာ ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့အတူ  စုစုပေါင်းလူဦးရေရဲ့ ၂၂ ရာခိုင်နှုန်းရှိတဲ့ လူပေါင်း ၁၂ သန်းကျော်က စားနပ်ရိက္ခာမလုံခြုံမှုတွေနဲ့ ကြုံတွေ့ရနိုင်တဲ့အပြင် နောက်ထပ် လူဦးရေ ၁ သန်းကျော်ကလည်း စားနပ်ရိက္ခာပြတ်လပ်မှုနဲ့  တွေ့ကြုံရနိုင်တယ်လို့ သတိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up