close

ကိုမင်းကိုနိုင်နှင့် NUG ဝန်ကြီးတွေအပါအဝင် ၁၁ ဦးကို စစ်ကောင်စီက နိုင်ငံသားအဖြစ်မှ ရပ်စဲ

ကိုမင်းကိုနိုင်၊ အိပန်ဆယ်လိုနဲ့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးတွေ အပါအဝင် ၁၁ ဦးကို နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း  စစ်ကောင်စီပြန်ကြားရေးက မတ်လ  ၄ ရက် ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်ပြီး ပြည်ပနိုင်ငံများသို့ တရားမဝင်ထွက်ခွာသွားတဲ့ အောက်ပါပုဂ္ဂိုလ်တွေကို မြန်မာနိုင်ငံရဲ့အကျိုးကို ထိခိုက် စေနိုင်သော လုပ်ဆောင်ချက်တွေ ဖော်ထုတ်တွေ့ရှိရလို့ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၆၇ ပါ ဗဟိုအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်အရ ယင်းဥပဒေပုဒ်မ ၁၆ နဲ့အညီ  နိုင်ငံသား အဖြစ်မှ ရပ်စဲတာလို့ စစ်ကောင်စီ ကြေညာချက်မှာ ဖော်ပြပါတယ်။

နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူတွေကတော့  ဒေါက်တာ ဇော်ဝေစိုး၊ ဦးရည်မွန် (ခ) တင်သစ်၊ ဦးလွင်ကိုလတ်၊ ဒေါ်ဇင်မာအောင်၊ ဦးထင်လင်းအောင်၊ ဦးအောင်မျိုးမင်း၊ ဒေါ်အိသဉ္ဇာမောင်၊  ဒေါက်တာ ဆာဆာ ၊ ဦးမင်းကိုနိုင် (ခ) ပေါ်ဦးထွန်း၊ ဦးမျိုးရန်နောင်သိမ်းနဲ့  အိပန်ဆယ်လို (ခ) အိမ့်ပိုးဥ တို့ဖြစ်ကြပါတယ်။

ဆက်လက်ပြီး အလားတူကျူးလွန်သူတွေကို  စိစစ်ဖော်ထုတ် အရေးယူသွားမယ်လို့လည်း စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ခုလိုစစ်ကောင်စီက ကြေညာတာနဲ့ပတ်သက်ပြီး NUG အစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက “ အကြမ်းဖက် စစ်​ကောင်စီအဖွဲ့ဟာ အစိုးရမဟုတ်တဲ့အတွက် သူတို့ထုတ်ပြန်တဲ့ ‘နိုင်ငံသားဖြစ်မှုက ရပ်စဲခြင်း’ ဆိုတာ တရားမဝင်ပါဘူး။ ​တရားဝင်ခဲ့မယ်ဆိုရင်​တောင် နိုင်ငံကိုချစ်တဲ့စိတ်ကို  ဘယ်လိုနည်းနဲ့မှ ဟန့်တားနိုင်မှာမဟုတ်ပါဘူး။” လို့ သူ့ရဲ့ လူမှုကွန်ရက်ကနေ ရေးသားတုံ့ပြန်လိုက်ပါတယ်။ 

ကိုးကားထားတဲ့ ပုဒ်မ ၁၆ ဆိုတာနဲ့လည်း မကိုက်ညီကြောင်း သူတို့အနေနဲ့ နိုင်ငံကနေ အပြီးအပိုင်ထွက်ခွာသွားကြတာ မဟုတ်ဘဲ  အမြန်ဆုံးပြန်လာနိုင်​အောင် ကြိုးပမ်းလုပ်​ဆောင်နေကြောင်းလည်း အသိပေး ရေးသားထားပါတယ်။ 

Photo Credit- ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up