ကနီဒေသခံ ၁၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

စစ်ကိုင်းတိုင်း ကနီမြို့ပေါ် အမှတ် ၂ ရပ်ကွက်က ပြည်သူ ၁၂ ဦးကို စစ်ကောင်စီတပ်က ဒီနေ့မနက် ၉ နာရီလောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အဖမ်းခံရတာဆိုတာဟုတ်တယ်။ ဘာလို့ဖမ်းတာလဲဆိုတော့ PDF အဖွဲ့နဲ့ဆက်သွယ်လို့ဆိုပြီး ဖမ်းတာ။ အမှန်ကတော့ဗျာ ကနီမြို့ပေါ်က ဝန်ထမ်းမြို့လို့တောင် ပြောလို့ရတယ်။ အများစုကတော့ ဝန်ထမ်းမိသားစုတွေပဲ။ ဘယ်အဖွဲ့ထဲမှ မပါတဲ့သူကများတာ။ နောက်ဆုံး အာဏာသိမ်းပြီး နယ်ကလူတွေ ဆန္ဒပြပွဲ ကနီသွားလုပ်တာတောင် မြို့ပေါ်ကကောင်တွေက ဈေးရောင်းတောင်မပျက်ဘူး။ အခုဟာက အချင်းချင်း မတည့်လို့ သတင်းအမှားပေးတိုင်တဲ့ သဘောဖြစ်နိုင်တယ်” လို့ ဒေဿခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေထဲ အမျိုးသမီးအများစုဖြစ်ပြီး အသက်မပြည့်သေးတဲ့ လူငယ်တွေနဲ့ မသန်စွမ်းလူငယ်တဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
မတ် ၇ ရက်နေ့ကလည်း ဘုန်းကြီးကျောင်းကျောင်း အပါအဝင် ဈေးဆိုင်နဲ့လူနေအိမ်တွေကို စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။