ရုရှားစွမ်းအင်အပေါ် မှီခိုမှုလျှော့ချရန် ဥရောပခေါင်းဆောင်များ အစည်းအဝေးလုပ်

ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှု ရင်ဆိုင်နေရချိန်မှာ ဥရောပနိုင်ငံတွေအနေနဲ့ ရုရှားစွမ်းအင်အပေါ် မှီခိုမှု လျှော့ချဖို့နဲ့ ယူကရိန်းကို စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးကူညီဖို့ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေ ပြင်သစ်နိုင်ငံမှာ မတ်လ ၁၀ ရက်က အရေးပေါ် အစည်းအဝေးလုပ်ခဲ့ပါတယ်။
စုပေါင်း ကြေညာချက်မူကြမ်းထုတ်ခဲ့ပြီး ‘ယူကရိန်းဟာ ကျနော်တို့ရဲ့ ဥရောပမိသားစုဝင်နိုင်ငံ၊ ကျနော်တို့ရဲ့ မိတ်ဖက်နိုင်ငံနှင့် မိသားစုနှောင်ကြိုးပိုမိုခိုင်မြဲစေရမည်” လို့ ဖော်ပြခဲ့ပါတယ်။
ရုရှားက ဥရောပသမဂ္ဂနိုင်ငံတွေကို သဘာဝဓာတ်ငွေ့ ၊ ရေနံနဲ့ ကျောက်မီးသွေး ၄၀ ရာခိုင်နှုန်းကျော် တင်ပို့နေတာပါ။ ဩစတြီးယား၊ ဂျာမဏီ၊ အီတလီတို့က ရုရှားကို ဒေါ်လာသန်းရာချီ ပေးစရာ ကျန်ရှိနေပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမေရိကန်က ရုရှားရဲ့ ရေနံတင်ပို့မှုကို ပြတ်ပြတ်သားသား ပိတ်ပင်ဖို့ ကြေညာခဲ့ပေမဲ့၊ ဥရောပသမ္မဂအဖွဲ့ဝင် နိုင်ငံ ၃၀ ကြားမှာ ရုရှားရေနံအပေါ် သဘောထားကွဲမှုတွေ ရှိနေဆဲပါ။
ဒါပေမဲ့ ဥရောပသမဂ္ဂက ရုရှားဘဏ် ၇ ခုကို နိုင်ငံတကာငွေပေးချေမှု SWIFT က နေ ဖယ်ရှားပစ်ခဲ့ပါတယ်။ သမ္မတပူတင်နဲ့ နီးစပ်တဲ့ ရုရှားဘီလီယံနာလုပ်ငန်းရှင်တွေကိုလည်း နာမည်ပျက်စာရင်းသွင်းပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးက လေယာဉ်မပျံသန်းရဇုန် ကူညီပေးဖို့ တောင်းခံခဲ့ပေမဲ့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ပယ်ချခဲ့ပါတယ်။