အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ ဥရောပသမဂ္ဂခေါင်းဆောင်များ မတ်လ ၂၄ ရက်က တွေ့ဆုံပြီး လာမယ့် ဆောင်းရာသီနှစ်ခုမှာ ဥရောပအဖွဲ့ဝင် ၂၇ နိုင်ငံကို အမေရိကန်ဓာတ်ငွေ့အရည် (LNG) တင်ပို့ပေးသွားဖို့ ဆွေးနွေးခဲ့ပါတယ်။
ဥရောပကို ဓာတ်ငွေ့အများဆုံးတင်ပို့တဲ့ ရုရှားက ယူကရိန်းကို တိုက်ခိုက်မှုကြောင့် စွမ်းအင်ဈေး တွေ စံချိန်တင်မြင့်မားနေချိန်မှာ၊ ဥရောပသမဂ္ဂက ရုရှားလောင်စာအပေါ် မှီခိုမှုကို လျှော့ချပြီး အခြားတိုင်းပြည်တွေကနေ ပိုမိုတင်သွင်းသွားဖို့ ကြိုးစားနေတာပါ။
အခု ထိပ်သီးအစည်းအဝေးမှာ ခေါင်းဆောင်တွေက ရုရှားဓာတ်ငွေ့ကို လုံးဝဖြတ်တောက်ပြီး LNG ဓာတ်ငွေ့၊ ဟိုက်ဒရိုဂျင်နဲ့ တခြားလောင်စာတွေကို အမေရိကန်ဆီက စုပေါင်း ဝယ်ယူ သိုလှောင်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ရုရှားက ဥရောပသမဂ္ဂရဲ့ ဓာတ်ငွေ့လိုအပ်ချက် ၄၀ ရာခိုင်နှုန်းနဲ့ ရေနံ ၂၇ ရာခိုင်နှုန်း၊ ကျောက်မီးသွေး ၄၆ ရာခိုင်နှုန်းကို တင်ပို့နေတာပါ။
အစောပိုင်း အဖွဲ့ဝင် ၂၇ နိုင်ငံကြား ရုရှားလောင်စာတွေအပေါ် လုံးဝ ပိတ်ပင်ဖို့ သဘောထားကွဲနေပေမဲ့ အခု အမေရိကန်ရဲ့ တင်ပို့မှုကြောင့် နိုင်ငံအားလုံး ရုရှားလောင်စာကို ဖြတ်ဖို့ သဘောတူခဲ့ပါတယ်။
ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှု ရင်ဆိုင်နေရချိန်မှာ ဥရောပနိုင်ငံတွေအနေနဲ့ ရုရှားစွမ်းအင်အပေါ် မှီခိုမှု လျှော့ချဖို့နဲ့ ယူကရိန်းကို စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးကူညီဖို့ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေ ပြင်သစ်နိုင်ငံမှာ မတ်လ ၁၀ ရက်က အရေးပေါ် အစည်းအဝေးလုပ်ခဲ့ပါတယ်။
စုပေါင်း ကြေညာချက်မူကြမ်းထုတ်ခဲ့ပြီး ‘ယူကရိန်းဟာ ကျနော်တို့ရဲ့ ဥရောပမိသားစုဝင်နိုင်ငံ၊ ကျနော်တို့ရဲ့ မိတ်ဖက်နိုင်ငံနှင့် မိသားစုနှောင်ကြိုးပိုမိုခိုင်မြဲစေရမည်” လို့ ဖော်ပြခဲ့ပါတယ်။
ရုရှားက ဥရောပသမဂ္ဂနိုင်ငံတွေကို သဘာဝဓာတ်ငွေ့ ၊ ရေနံနဲ့ ကျောက်မီးသွေး ၄၀ ရာခိုင်နှုန်းကျော် တင်ပို့နေတာပါ။ ဩစတြီးယား၊ ဂျာမဏီ၊ အီတလီတို့က ရုရှားကို ဒေါ်လာသန်းရာချီ ပေးစရာ ကျန်ရှိနေပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမေရိကန်က ရုရှားရဲ့ ရေနံတင်ပို့မှုကို ပြတ်ပြတ်သားသား ပိတ်ပင်ဖို့ ကြေညာခဲ့ပေမဲ့၊ ဥရောပသမ္မဂအဖွဲ့ဝင် နိုင်ငံ ၃၀ ကြားမှာ ရုရှားရေနံအပေါ် သဘောထားကွဲမှုတွေ ရှိနေဆဲပါ။
ဒါပေမဲ့ ဥရောပသမဂ္ဂက ရုရှားဘဏ် ၇ ခုကို နိုင်ငံတကာငွေပေးချေမှု SWIFT က နေ ဖယ်ရှားပစ်ခဲ့ပါတယ်။ သမ္မတပူတင်နဲ့ နီးစပ်တဲ့ ရုရှားဘီလီယံနာလုပ်ငန်းရှင်တွေကိုလည်း နာမည်ပျက်စာရင်းသွင်းပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးက လေယာဉ်မပျံသန်းရဇုန် ကူညီပေးဖို့ တောင်းခံခဲ့ပေမဲ့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ပယ်ချခဲ့ပါတယ်။