close

CDM ရဲတပ်ဖွဲ့ဝင် အယောက် ၂၀ ပါဝင်သည့် ထီးလင်းပြည်သူ့ရဲတပ်ဖွဲ့ စတင်ဖွဲ့စည်း

အာဏာဖီဆန် CDM ရဲတပ်ဖွဲ့ဝင် အယောက် ၂၀ ပါဝင်တဲ့ ထီးလင်းပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့(ထီးလင်း) က ဒီကနေ့ မတ် ၁၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်အတွင်း ပြည်သူ့အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့နဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ခုလို ဖွဲ့စည်း လိုက်တာလို့ ဆိုပါတယ်။

လက်ရှိမှာလည်း တရားမဝင်သစ်လုပ်ငန်းတွေ စစ်ဆေးဖော်ထုတ်တာ၊ ခိုးမှုတွေ စုံစမ်း ဖော်ထုတ်တာ၊ လောင်းကစားဝိုင်း ပပျောက်ရေးလုပ်ငန်းတွေနဲ့ ပြစ်မှုဆိုင်ရာ ဖော်ထုတ်အ ရေးယူတာတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ထီးလင်းမြို့နယ်ပြည်သူတွေအနေနဲ့လည်း ပြစ်မှုဆိုင်ရာ ကိစ္စရပ်တွေ၊ မတရားမှုတွေကို အချိန်နဲ့တပြေးညီ တိုင်တန်းနိုင်ကြောင်းလည်း  ယောဒေသကာကွယ်ရေး တပ်ဖွဲ့(ထီးလင်း) က အသိပေးထားပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ် မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း အစောပိုင်းကတည်းက အကြမ်းမဖက် အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) တွေမှာ ပါဝင်ခဲ့ကြတဲ့ ပြည်သူ့ဘက်တော်သား နိုင်ငံ့ဝန်ထမ်း တွေဟာလည်း ကြံ့ကြံ့ခံကာ အမှန်တရားဘက်က တသားတည်း ရပ်တည်နေကြဆဲ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လည်း အာဏာ အလွဲသုံးစားပြုလုပ်နေတဲ့ လက် တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တွေအဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတွေကို တိုက်တွန်းနှိုးဆော်ထားပြီး လက်ရှိအချိန်ထိ CDM လှုပ်ရှားမှုမှာ ပါဝင်လာသူတွေနဲ့  ပြည်သူ့ ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သားတွေ၊ ရဲတွေလည်း ထောင်နဲ့ချီ ရှိလာနေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ် မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up