close

ကေအန်ယူ တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီက တပ်အင်အားထပ်ဖြည့်

စစ်ကောင်စီတပ်တွေ မတ်လ ၁၃ ရက်နေ့ နောက်ဆုံးထားပြီး ဆုတ်ခွာပေးဖို့ အသိပေး အကြောင်းကြားထားပေမယ့် မဆုတ်ခွာဘဲ အင်အားတွေ ထပ်ဖြည့်လာနေတယ်လို့ ကေအန်ယူ တပ်မဟာ ၆ က  တာဝန်ရှိသူတဦးက ပြောပါတယ်။

ကေအန်ယူ တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်၊ လေးကေ့ကော်ဒေသနဲ့ ဒေါနအရှေ့ခြမ်း ကော့ကရိတ်ခရိုင်အတွင်း ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ဆုတ်ခွာဖို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဆီ ကေအန်ယူဘက်က အသိပေးအကြောင်းကြားစာ ပေးပို့ သတိပေးထားတာပါ။

ကေအန်ယူ တပ်မဟာ ၆ တပ်က တပ်ခွဲ (၂) တပ်ခွဲမှူး ဟယ်ရီက “ကျနော်တို့က သူတို့ကို ထုတ်ပြန်စာ ပေးပြီးပြီလေ။ ထုတ်ပြန်စာပေးပြီးတဲ့ဟာကို သူတို့က ပြန်မဆင်းတဲ့အပြင် ပိုပြီးတော့မှ အင်အားဖြည့်လာတယ်ဆိုတော့ ဒါ ကျနော်တို့အတွက် လုပ်စရာ တခုပဲ ရှိတော့တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို အချိန် ၃ ရက်ပေးထားတယ်။ ၁၃ ရက်နေ့မှာ ကုန်မယ်ပေါ့နော်။ အဲဒါကိုမှ သူတို့က မလိုက်နာနိုင်ဘူး၊ သူတို့က ဒီတိုင်းပဲ ဆက်နေမယ်ဆိုရင်တော့ ဖြစ်လာတဲ့ အကျိုးဆက်မှန်သမျှကတော့ ဘယ်လိုပြောရမလဲဆိုတော့ တခုခုဖြစ်သွားလို့ရှိရင်တော့ ကျနော်တို့ဘက်က အဆိုးမဆိုနဲ့ပေါ့” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာ ဒေသတွင်းက ကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ပြည်သူလူထုရဲ့ အိုးအိမ်ပစ္စည်းတွေကို အဓမ္မသိမ်းယူတာ၊ ဖျက်ဆီးတာတွေ လုပ်ဆောင်နေတဲ့အတွက် ကျေးရွာတွေမှာ ပြန်လည်နေထိုင်ဖို့ ပြည်သူတွေ ကြောက်ရွံ့နေတယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားပြည်သူတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေနဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်ကူညီဖြေရှင်းဖို့ ကေအန်ယူမှာ တာဝန်ရှိပြီး ပြည်သူတွေ အေးချမ်းစွာ ပြန်လည်နေထိုင်နိုင်ဖို့ လေးကေ့ကော်ဒေသနဲ့ ကော့ကရိတ်တောင်ပိုင်း ဒေသတွင်းက စစ်ကောင်စီတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာဖို့ အသိပေးခဲ့တာပါ။

ဒီလိုသတိပေးထားပေမယ့် လေးကေ့ကော်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ နေ့စဉ်လို တိုက်ခိုက်နေတယ်လို့ တပ်ခွဲမှူး ဟယ်ရီက ပြောပါတယ်။

မတ်လ ၉ ရက်နေ့တုန်းက စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်စဉ် သူတို့လက်အောက်ခံ BGF တပ်  ဗိုလ်မုတ်သုန်ရဲ့စခန်းကို ပစ်ခတ်ခဲ့လို့ BGF တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတချို့ ရှိတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်က စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေက ဒေါနတောင် အရှေ့ခြမ်းက လေးကေ့ကော်ဒေသနဲ့ ဒေါနတောင်အနောက်ခြမ်းက ကော့ကရိတ်တောင်ပိုင်း ကျေးရွာတွေကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေကြောင့် ဒေသခံ ပြည်သူတွေ ကျေးရွာတွေကို စွန့်ခွာထွက်ပြေးနေရ ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up