close

ဝက်လက်နှင့် ပုလဲမြို့နယ်တို့က ကျေးရွာနေအိမ်များကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နဲ့ ပုလဲမြို့နယ် ကျေးရွာအချို့က နေအိမ်တွေကို မတ် ၁၀ ရက်နေ့မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ တောင်ကုန်းကျေးရွာက နေအိမ် ၅ လုံးကို မတ်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဧရာဝတီမြစ်ကမ်းဘေးကနေ  စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဝက်လက်နယ်အရှေ့ခြမ်းမှာရှိတဲ့ တောင်ကုန်းကျေးရွာကို မတ် ၉ ရက်နေ့က ရောက်ရှိလာပြီး တညအိပ်ကာ နောက်နေ့မနက်မှာ အခုလို နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

မနက် ၈ နာရီလောက်မှာ စစ်ကောင်စီတပ်က မီးရှို့တာကြောင့် နေအိမ် ၅ လုံး၊ စပါးတိုက်၊ စပါးတွေ၊ ဆိုင်ကယ်တွေနဲ့ လှည်းတွေ ဆုံးရှုံးသွားသလို ကျေးရွာဘုန်းကြီးကျောင်းက ရေခဲသေတ္တာနဲ့ မှန်တွေကိုလည်း ရိုက်ခွဲသွားပြီး ကျေးရွာသားတဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“နယ်မြေခံအဖွဲ့တွေက အပြင်က ဝိုင်းတဲ့အချိန်မှာ သူတို့က အတွင်းထဲကနေ မထွက်ဘူး။ အဲ့ဒီမှာ ရွာသားတယောက်က ညပိုင်းမှာ သူ့အိမ်က နွားကို သွားဖြုတ်ပေးတာပေါ့၊ အဲဒီ ဖြုတ်ပေးတဲ့အချိန်မှာ သူတို့ကင်းနဲ့တွေ့ပြီး ဖမ်းထားတာပေါ့ဗျာ။ ပြီးတော့ မနက်ခင်းကတည်းက သူ့ကို ခေါ်သွားတာပေါ့။” 

တောင်ကုန်းကျေးရွာမှာ အိမ်ခြေ ၁၅၀ လောက်နဲ့ လူဦးရေ ၃၀၀ လောက်ရှိပြီး စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်စီးနင်းချိန်မှာ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။

စစ်ကြောင်း ပြန်ထွက်သွားချိန်မှာ ပြည်သူတချို့ နေအိမ်ကို ပြန်လာနေကြပေမယ့် နေအိမ်မီး‌ရှို့ခံရတဲ့ ပြည်သူတွေကတော့ နီးစပ်ရာ ကျေးရွာတွေမှာ သွားရောက်နေထိုင်ကြရတယ်လို့ သိရပါတယ်။

လတ်တလောမှာ ရွှေဘိုခရိုင်အတွင်း ခင်ဦး၊ ဒီပဲယင်းနဲ့ ဝက်လက်နယ်တွေဟာ စစ်ကောင်စီတပ်တွေရဲ့ ဖိနှိပ်မှု အခံရဆုံးနေရာတွေလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ဒေသခံ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုတော့ မဖျက်ဆီးစေချင်ဘူးပေါ့နော်။ စစ်မိစ္ဆာဝါဒကိုတော့ မကျင့်သုံးပါနဲ့ပေါ့နော်၊ အဲ့လိုမျိုးတော့ အကြံပြုချင်ပါတယ်” လို့ ပြောပါတယ်။

ပုလဲမြို့နယ် နှောရိုးရွာကိုလည်း မတ်လ ၁၀ ရက်နေ့ ည ၈ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မီးရှို့တာတွေ ညပိုင်းမှ ဒီကောင်တွေလုပ်တာရယ်။ မနက်ခင်းပိုင်း ၁၀ နာရီလောက်က စစ်ကြောင်းထိုး ရွာထဲဝင်ခဲ့တာဗျ။ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရောပေါင်းရင် အင်အား ၁၀၀ လောက်ရှိတယ်ဗျ။ အိမ်ခြေ ဘယ်လောက်မီးလောက်ဆုံးရှုံးနိုင်လဲဆိုတော့ လက်ရှိကတော့ တိတိကျကျ မပြောနိုင်သေးဘူးဗျ။ ခန့်မှန်းရသလောက်ကတော့ တရွာလုံး ပြာကျမယ့်သဘောပဲဗျ။ ဒီကောင်တွေက ရွာထဲက မထွက်သေးတော့ ဘယ်သူမှ မီးလောင်နေတာကို သွားမငြှိမ်းရဲဘူး” လို့ ရွာသားတဦးက ပြောပါတယ်။

အဲဒီကျေးရွာအနီးမှာ တိုက်ပွဲဖြစ်တာမရှိဘဲ အကြောင်းမဲ့မီးရှို့တာဖြစ်ပြီး ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးတာ ကျေးရွာ ၅ ရွာထက်မနည်း ရှိပြီလို့ ဒေသခံတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up