close

တရုတ်ပြည်မကြီး၌ ၁ ရက်အတွင်း ပြည်တွင်း ကိုဗစ်ကူးစက်သူ ၁၆၀၀ ကျော်ရှိ

တရုတ်ပြည်မကြီးမှာ မတ် ၁၉ ရက်နေ့ တရက်တည်း ကိုဗစ်-၁၉ ကပ်ရောဂါ ပြည်တွင်း ကူးစက်ခံ ၁၆၅၆ ယောက် နဲ့ ပြည်ပက ပြန်လာသူကြား တွေ့တဲ့ ကူးစက်ခံ ၈၁ ယောက် ရှိတယ်လို့ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က မတ် ၂၀ ရက်မှာ ဖော်ပြပါတယ်။

တရုတ်နိုင်ငံရဲ့ ပြည်နယ် ၁၉ ခုမှာ ကူးစက်ခံ လူနာတွေကို တွေ့ခဲ့တာဖြစ်ပြီး ရောဂါလက္ခဏာ ပြတဲ့ လူနာတွေကိုသာ ကူးစက်ခံအဖြစ် အတည်ပြု စာရင်းသွင်းတာလို့ ကော်မရှင်က ပြောပါတယ်။

မတ် ၁၉ ရက်နေ့မှာ ကူးစက်ခံ သေဆုံးသူ မရှိဘဲ သံသယလူနာ ၃ ယောက်ကတော့ နိုင်ငံခြားကနေ ရှန်ဟိုင်းမြို့ကို ရောက်လာသူတွေလို့ ဆိုပါတယ်။ လူနာ ၃၃၇ ယောက်က နေပြန်ကောင်းလာလို့ ဆေးရုံက ဆင်းသွားပြီဖြစ်ပြီး ကူးစက်ခံတွေနဲ့ အနီးကပ်ထိတွေ့မိသူ အယောက် ၁၁,၃၉၆ ယောက်ကို ဆေးဘက် စောင့်ကြည့်လေ့လာရာကနေ ပြန်လွှတ်ပေးလိုက်ပါပြီ။

ရောဂါအခြေအနေ ပြင်းထန်ဆိုးရွားလာသူ အရင်နေ့ကထက် လေးယောက် ပိုများလာတယ်လို့ ဆိုပေမယ့် လူအရေအတွက်ကိုတော့ ဖော်ပြမထားပါဘူး။

တရုတ်ပြည်မကြီးမှာ ကူးစက်ခံလူနာ စုစုပေါင်း ၁ သိန်းကျော်ဟာ နေပြန်ကောင်းလို့ ဆေးရုံက ဆင်းသွားပြီး ကူးစက်ခံ စုစုပေါင်း ၄၆၃၈ ယောက်က သေဆုံးခဲ့ပြီးပြီလို့ ကော်မရှင်က ပြောပါတယ်။

ဟောင်ကောင် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲမှာ စနေ တရက်တည်း ကိုဗစ်-၁၉ ကူးစက်ခံ ၆ သိန်း ၈ သောင်း ကျော်ကို စမ်းသပ် တွေ့ရှိထားပြီး ကူးစက်ခံ ၅၆၅၀ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မကာအို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှာတော့ ကူးစက်ခံ အတည်ပြုလူနာ စုစုပေါင်း ၈၂ ယောက် ရှိတယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်မှာ ကူးစက်ခံ အတည်ပြုလူနာ စုစုပေါင်း ၂ သောင်း ၁၇၈၄ ယောက်ရှိပြီး ကူးစက်ခံ ၈၅၃ ယောက် သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up