ခန့်မှန်းရခက်သည့် ရုရှား၏ ရန်ပြုပြိုင်ဆိုင်မှု ရင်ဆိုင်ရမည်ဟု အမေရိကန်ဗိုလ်ချုပ်ကြီးပြော

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးဟာ ပိုပြီး ခန့်မှန်းရခက်တဲ့ ရုရှားရဲ့ ရန်ပြုပြိုင်ဆိုင်မှုကို ရင်ဆိုင်ရမယ်၊ ဥရောပဩဇာအတွက် ပိုကြီးတဲ့ဘေးကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေရမယ်လို့ အမေရိကန်ဗိုလ်ချုပ်ကြီး ဒေးဗစ်ဘာဂါက နော်ဝေနိုင်ငံမှာ ဆင်နွှဲနေတဲ့ နေတိုး စစ်ရေးလေ့ကျင်းပွဲအတွင်း ပြောလိုက်ပါတယ်။
ရုရှားရဲ့ လုပ်နိုင်စွမ်းနဲ့ စစ်ရေးအယူဝါဒတွေကို လေ့လာနေရုံနဲ့ မလုံလောက်တော့ဘူးလို့လည်း သူက သတိပေးပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ ၂၀၁၄ မှာ ခရိုင်းမီးယားကို ကျူးကျော်ပြီး ၂၀၁၅ မှာ ဆီးရီးယား ပြည်တွင်းစစ်ကို စွက်ဖက်ခဲ့ကာ ဖေဖော်ဝါရီ ၂၄ ရက်မှာတော့ ယူကရိန်းကို ကျူးကျော်ခဲ့ပြီး အထူးစစ်ဆင်ရေးလို့ နာမည်တပ်ခဲ့ပါတယ်။
ဒါကြောင့် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ ဘေးအန္တရာယ်တွေကို ချင့်ချိန်တွက်ဆပြီး မြေပြင်တပ်သုံးတာ ကန့်သတ်ရင်း သံတမန်ရေး ထွက်ပေါက် နည်းဗျူဟာ ရှာလေ့ရှိသူ ဆိုတဲ့ အကဲခတ်တွေရဲ့ ယူဆချက်ကို ကိုင်လှုပ်သလို ဖြစ်ခဲ့ပါတယ်။
“ဒီလထဲမှာ နော်ဝေမြောက်ပိုင်းမှာ လေ့ကျင့်နေတဲ့ "Cold Response" စစ်ရေးလေ့ကျင့်မှုဟာ သတိထားရမယ့် ကာလအတွင်း ကြည်း၊ ရေ၊ လေ မဟာမိတ်တပ်တွေကို ပြင်ဆင်ဖို့ အတိမ်းအစောင်း မခံလောက်အောင် အရေးပါတယ်။ တုံ့ပြန်ဖို့ ခင်ဗျားတို့ အဆင်သင့် ဖြစ်နေရမယ်”လို့ ဘာဂါက ပြောပါတယ်။
နေတိုးအဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်တွေ ဗုဒ္ဓဟူးနေ့က ဘရပ်ဆဲလ်မြို့မှာ ဆုံတွေ့ခဲ့ကြပြီး ရုရှကျူးကျော်စစ်ကို တုံ့ပြန်တဲ့ အနေနဲ့ အလားတူ စစ်ရေးလေ့ကျင့်တာတွေ အကြိမ်ရေ ပိုတိုးလုပ်ဖို့ သဘောတူရေး မျှော်လင့်ထားကြပါတယ်။