close

အောင်လံလွှင့်ချီနွေဦးထီ ဖွင့်လှစ်၊ ကျပ်သိန်း ၁၀၀ ဆု ၁ ဆုနှင့် ၁၅ သိန်းဆု ၄၇ ဆုချီးမြှင့်

ပြီးခဲ့တဲ့ မတ်လအတွက်“အောင်လံလွှင့်ချီ နွေဦးထီ” အပတ်စဉ် ၅ ကို ဒီကနေ့မှာ ဖွင့်လှစ်လိုက်ပြီ ဖြစ်ပြီး ကျပ်သိန်း ၁၀၀ ဆု ၁ ဆုနဲ့ ၁၅ သိန်းဆု ၄၇ ဆုချီးမြှင့်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ရောင်းချနေတဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွက် “အောင်လံလွှင့်ချီ နွေဦးထီ”မှာတော့ ကျပ်သိန်း ၁၀၀ ဆု ၁ ဆုနဲ့ ၁၅ သိန်းဆု ၅၃ ခုအထိ ချီးမြှင့်နိုင်ခဲ့တာပါ။

အဲဒီအရင် ဇန်နဝါရီလမှာ တော့ သိန်း ၁၀၀ ဆု ၁ ဆုနဲ့ ၁၅ သိန်းဆု ၄၉ ဆုကို ချီးမြှင့်နိုင်ခဲ့တာဖြစ်ပြီး အဆိုပါ ကျပ်သိန်း ၁၀၀ ကံထူးရှင်က သူရရှိတဲ့ ဆုကြေးငွေတွေထဲက ကျပ် ၁၀ သိန်းကို ပြန်လည်လှူဒါန်းခဲ့ပြီး အထူးငွေတိုက်စာချုပ် ဒေါ်လာ ၁၀၀၀ တန်ကို ဝယ်ယူသွားခဲ့တယ်လို့ သိရပါတယ်။

အောင်လံလွှင့်ချီနွေဦးထီကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၅ ရက်နေ့မှာ စတင် ရောင်းချခဲ့တာဖြစ်ပြီး  ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့၀န်ထမ်း CDM တွေအတွက် သုံးစွဲသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားဖို့ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွက် နွေဦးထီ ကျပ်သိန်း ၁၀၀ ကံထူးရှင်ကတော့ သူရရှိတဲ့ ဆုမဲငွေ သိန်း ၁၀၀ ကျပ်လုံးကို စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက် ရေးအတွက် ပြန်လည်လှူဒါန်းပေးခဲ့တာကို တွေ့ရပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ နွေဦးထီနဲ့ ပတ်သက်ပြီး ဖွင့်လှစ်ရောင်းချသူတွေနဲ့ အား ပေးအားမြှောက်ပြုလုပ်သူတွေကို တရားစွဲ၊ ဖမ်းဆီးထောင်ချသွားမယ်လို့ ခြိမ်းခြောက် ကြေညာထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေ သပိတ်မှောက်ပြီး မထိုးဘဲနေတဲ့ အောင်ဘာလေထီကိုလည်း အွန်လိုင်းကနေရောင်းချဖို့ အာဏာသိမ်း စစ်ကောင်စီက စီစဉ်နေပေမယ့် ခုချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up