close

မုံးပေါ်လမ်းတွင် ရဲအုပ် အပါအဝင် ရဲ ၅ ဦး အသတ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ခွဲ၊ မုံးပေါ်သွားတဲ့လမ်း ရှူဘုတ် ကောင်ခါးရွာအနီးမှာ မတ် ၃၀ ရက်ညက ရဲအုပ်နဲ့ ရဲတပ်ကြပ်တွေအပါအဝင် ရဲ ၅ ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ရဲစခန်းအသိုင်းအဝိုင်းနဲ့နီးစပ်သူတဦးက “ရဲ ၅ ယောက်သတ်ခံရတာ။ မနေ့ညထဲက ပျောက်နေတာ။ မုံးပေါ်သွားတဲ့လမ်းမှာ အလောင်းတွေ့တယ်။ ညနေ ၅ နာရီ လောက်မှ သိရတာ” လို့ ပြောပါတယ်။

ရဲ ၅ ဦးကို ဘယ်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ခဲ့တယ်ဆိုတာ မသိရသေးဘဲ အလောင်းတွေကိုတော့ မတ် ၃၁ ရက်နေ့ ညနေပိုင်းမှာ တွေ့ရှိခဲ့တာဖြစ်ပြီး စစ်တပ်၊ ပသစ နဲ့ ရဲ ပူးပေါင်းအဖွဲ့က လာကောက်ယူသွားတယ်လို့ ဆိုပါတယ်။

အမည်မဖော်လိုသူ ဒေသခံတဦးက “ဖမ်းသွားတာကတော့ ကျင်းစန်းကျော့ကနေ ဖမ်းသွားတာ။ မနေ့က ညကြီးပေါ့နော်။ ရဲတွေကလည်း သိတဲ့ အတိုင်းပဲ။ အရပ်ဝတ်ဝတ်ပြီးတော့ လျှောက်တောင်းစားနေတာလေ။ သူတို့ ဂိုဒေါင်တွေ ဘာညာ လျှောက် လုပ်စားတာ ဖြစ်မှာပေါ့။ မူးယစ်ဆေးဝါး လုပ်တဲ့ သူတွေလည်း ဖြစ်ရင် ဖြစ်နိုင်တယ်ပြောလို့ မရဘူး” လို့ ပြောပါတယ်။

အသတ်ခံရတဲ့ရဲ ၅ ဦးကတော့ ရဲအုပ် ဝင်းကို၊ တပ်ကြပ် နန်းဝင်းကျော်နဲ့ ဝေမင်းထွန်း၊ ဒုတပ်ကြပ် ကိုချစ်နဲ့ ရဲတပ်သား ဝေလင်းထွန်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

ရဲ ၅ ဦး အသတ်ခံခဲ့ရတဲ့ ဒေသမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေ၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ လှုပ်ရှားနေကြပြီး မကြခဏ ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ဖြစ်ပွားနေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up