ပခုက္ကူမြို့နယ်ပညာရေးမှူး ပစ်သတ်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့က Non CDM မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ရီက ဧပြီ ၅ ရက် မနက် ၇ နာရီခွဲလောက်က ဆိုင်ကယ်အရောင်းဆိုင်တဆိုင်အနီးမှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
"ဒီမနက် ဆိုင်ကယ်နဲ့စျေးဝယ်သွားတုန်း ဆိုင်ကယ်စီးနေရင်း သေနတ်နဲ့ပစ်ခံရပြီး နောက်ကျောကို မှန်ပြီး သေတာပါ၊ သေနတ်သံ ၃ချက်ကြားတယ်"လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ပစ်ခတ်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်က အခင်းဖြစ်ရာနေရာမှာ လာရောက်စစ်ဆေးတာမျိုးမရှိဘဲ လူမှုကူညီရေး အသင်းကားနဲ့ပဲ ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။
မြို့နယ်ပညာရေးမှူး ဒေါက်တာ တင်တင်ရီဟာ အာဏာဖီဆန် CDM လုပ်နေတဲ့ ပညာရေးဝန်းထမ်းတွေကို ရုံးပြန်တက်ဖို့ ဖိနှိပ်ခြိမ်းခြောက်ခဲ့တာမျိုးတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပခုက္ကူမြို့အဝင်အထွက်တွေမှာတော့ စစ်ကောင်စီတပ်တွေက လာသမျှ ဆိုင်ကယ်နဲ့ကား အကုန်တားပြီးစစ်ဆေးနေသလို အရင်ကထက် တင်းကျပ်စစ်ဆေးမှုတွေ ပိုမိုလုပ်လာနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။