close

စစ်ကောင်စီခန့် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ သေနတ်ပစ်ခံရ၊ တရားခံဖမ်းမိရေး ပိတ်ဆို့စစ်ဆေးနေ

စစ်ကောင်စီခန့်ထားတဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဧပြီ ၇ ရက် ဒီကနေ့ မနက်ပိုင်းမှာ သူ့ရဲ့နေအိမ်မှာ သေနတ်နဲ့လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဒေါ်သန်းသန်းဆွေကို ရန်ကုန်မြို့  ဗဟန်းမြို့နယ်ထဲက ရွှေဂုဏ်ရိပ်မွန်အိမ်ရာ တိုက်ခန်း အမှတ် ၅ မှာရှိနေချိန် မနက် ၁၀ နာရီကျော်လောက်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့က ဝင်ရောက်ပစ်ခတ် သွားတာလို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

“ပစ်သွားတာတော့ ဟုတ်တယ်။ ကျနော်တို့ ရောက်တဲ့အချိန်မှာ သူ့ကိုခေါ်သွားပြီး သေလား ရှင်လားတော့ မသိဘူး။ တရားခံမိဖို့တော့ ပိတ်ဆို့စစ်ဆေးတာတွေလုပ်နေပါတယ်။ ခုထိမမိသေးဘူး”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူ တဦးက ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ပြီး နာရီပိုင်းအတွင်းမှာပဲ ဗဟန်းမြို့နယ်ထဲက လမ်းတွေပေါ် စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက ပိတ်ဆို့စစ်ဆေးတာတွေ နေရာအနှံမှာဆိုသလို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

သေနတ်နဲ့ပစ်ခတ်မှုအပြီး နေ့လယ်ပိုင်းလောက်မှာ ဗဟိုဘဏ် ဒုဥက္ကဋ္ဌဟာ သေနတ်ဒဏ်ရာတွေနဲ့ ဆေးကုသမှုခံယူရင်း သေဆုံးသွားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ ဒီဗွီဘီ အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့  ဗဟိုဘဏ်ဒုဥက္ကဋ္ဌ သေနတ်နဲ့ပစ်ခတ်ခံရတာအတည်ပြုပြီး လက်ရှိအချိန်မှာ တပ်မတော်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ဒဏ်ရာ မစိုးရိမ်ရဘူးလို့ မီဒီယာတချို့ကို ဖြေဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up