close

မန္တလေးမြို့၌ ဧပြီပထမပတ်အတွင်း ၂၅ ဦးထက်မနည်း ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ မန္တလေးမြို့မှာ ဧပြီ ပထမပတ်အတွင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် UG တွေနဲ့ သပိတ်အဖွဲ့တွေ အပါအဝင် ဖမ်းဆီးခံရသူ ၂၅ ဦးထက်မနည်း ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၆ ရက်က Justice Mandalay PDF တပ်ဖွဲ့ဝင် ရဲဘော်ရာဟုဟာ ထောက်ပံ့ပစ္စည်းပေးမယ်ဆိုပြီး နေရာတခုကို ချိန်းဆိုကာ စစ်ကောင်စီက အင်အားအများအပြားနဲ့ ထောင်ချောက်ဆင် ဖမ်းဆီးခံလိုက်ရတယ်လို့ ROM အဖွဲ့ဝင် ဗိုလ်ဖီးနစ်က ပြောပါတယ်။

"မန္တလေးမှာ ဒလန်ကလည်းပေါတော့ UG တွေကို အင်အားသုံးပြီး လူမသိသူမသိ ချေမှုန်းခြင်းခံနေရပါတယ်။ UG တွေ အကြောင်းဆို ဘယ်သူမှစိတ်မဝင်စားကြပါဘူး။ အဖမ်းခံရပြီးရင် ဘာသတင်းမှ ဆက်မကြားတော့လို့ UG တွေကို အာရုံစိုက်ပြီး ပူးပေါင်းကူညီပေးကြဖို့” ဗိုလ်ဖီးနစ်က တောင်းဆိုထားပါတယ်။

ဧပြီ ၈ ရက်နေ့ ည ၉ နာရီကျော်လောက်မှာလည်း Nation's Defense Army  အဖွဲ့က ကိုဆိတ်ကြီး(ခ)စည်သူအား နေအိမ်မှာ စစ်ကောင်စီက အင်အားသုံးလာရောက်ဖမ်းဆီးသွားပြီး နောက်ဆက်တွဲအနေနဲ့ လူနှစ်ယောက် ထပ်မံဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ UG တွေကို အင်အားသုံးနှိမ်နင်းပြီး ဖမ်းဆီးနေသလို သပိတ်အဖွဲ့ဝင်တွေနဲ့ PDF တွေကို ထောက်ပံ့လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လူငယ်တချို့ကိုပါ စစ်ကောင်စီက ဖမ်းဆီးနေပါတယ်။

ဧပြီ ၈ ရက် မနက် ၈ နာရီ ဝန်းကျင်က မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၅ လမ်း၊ ၅၉ လမ်းနဲ့ လမ်း ၆၀ ကြားရှိ ရဲမွန်တောင်ရပ်ကွက်ရုံးရှေ့မှာ အမည်မသိ ဆိုင်ကယ်သမား အမျိုးသားနှစ်ယောက်ကို တာဝန်ကျလုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ပစ်ခတ်တာကြောင့် အခင်းဖြစ်နေရာမှာ သေဆုံးသွားပါတယ်။

ဒါ့အပြင် ဧပြီ ၉ ရက် မနက်ပိုင်းကလည်း ၆၅ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားမှာ အမျိုးသားတဦးအား ပစ်ခတ်ဖမ်းဆီးခဲ့သလို Honda ကားအဖြူပေါ်မှ အမျိုးသမီးတဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဒါ့အပြင် လမ်း ၇၀၊ လမ်း ၄၀ နဲ့ ၄၁ လမ်းကြားရှိ နှင်းမြတ်ဖြူ အမျိုးသားဆောင်အတွင်းကို အရပ်ဝတ်တွေနဲ့ ဝင်ရောက်ပစ်ခတ်စီးနင်းကာ အမျိုးသား ၄ ဦးအား ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MDY Revolution အဖွဲ့ဝင်တဦးက “စစ်ကောင်စီတပ်က မန္တလေးမြို့ပေါ်မှာ အနီရောင်အဆင့်ရောက်နေတယ်လို့ ဖော်ပြပြီးရင် UG စိတ်ဓာတ်တွေကို ရိုက်ချိုးချင်လို့ အင်အားသုံးပြီး ဖမ်းဆီးနေတာ ဖြစ်နိုင်တယ်။ သင်္ကြန်ကလည်းနီးပြီဆိုတော့ သင်္ကြန်ကို ပုံမှန်အတိုင်း ကျင်းပနိုင်ပြီဆိုပြီး နိုင်ငံတကာကို ချပြချင်တာကြောင့် UG နဲ့ တော်လှန်ရေး အင်အားစုတွေကို အသည်းအသန် နှိမ်နင်းနေတာ ဖြစ်နိုင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်အုပ်စုခေါင်းဆောင်တွေဟာ ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေမှာ သင်္ကြန်ပွဲတော်ကို ပုံအတိုင်း အေးချမ်းစွာ ကျင်းပနိုင်ပြီဆိုတာ နိုင်ငံတကာကို ချပြဖို့အတွက် ပြင်ဆင် နေတာဖြစ်ပါတယ်။

မြေအောက်တော်လှန်ရေးအဖွဲ့တွေကတော့ နိုင်ငံတဝန်း စစ်ကောင်စီဦးစီးကျင်းပမယ့် သင်္ကြန်မဏ္ဏပ်တွေဆီ မသွားကြဖို့၊ စစ်ကောင်စီတပ်တွေအနား မသွားရောက်ကြဖို့၊  အရက်သေစာ သောက်စားမူးယစ် အော်ဟစ် ကခုန်တာမပြုလုပ်ဖို့၊ တေးသီချင်းတွေ အသံကျယ်လောင်စွာမဖွင့်ကြဖို့နဲ့ မိမိနေအိမ်မှာသာ နေထိုင်ကြဖို့ လူထုကို သတိပေး ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up