close

ပြည်တွင်း၌ စက်သုံးဆီ လုံးဝမပြတ်ဟု စစ်ကောင်စီ အာမခံ

သီလဝါ ဆီသိုလှောင်ကန်စခန်းတွေမှာ စက်သုံးဆီ လက်ကျန်လျော့နည်းနေပြီဆိုတဲ့ သတင်းတွေက ကောလာဟလ သတင်းအမှားတွေသာဖြစ်ပြီး ပြည်တွင်းစက်သုံးဆီ ပြတ်လပ်မှု လုံးဝ မဖြစ်ပေါ်နိုင်ဘူးလို့ စစ်ကောင်စီရဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ဧပြီ ၁၉ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။ 

ပြည်တွင်း စက်သုံးဆီစျေးကွက်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့စပ်လျဥ်းပြီး အခုလို ထုတ်ပြန်လိုက်တာပါ။

လောင်စာဆီခွဲတမ်းနဲ့ ရောင်းချပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် ဒီနေ့ မနက်ပိုင်းက စပြီး ဒေသအနှံ့အရောင်းဆိုင်တွေမှာ စက်သုံးဆီရရှိဖို့အတွက် ကားတွေ၊ ဆိုင်ကယ်တွေ အချိန်တော်တော်ကြာ တန်းစီစောင့်ဆိုင်းပြီး၊ အလုအယက် ၀ယ်ယူနေရတဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပြီး ကန့်သတ်ပမာဏသာ ၀ယ်ယူခွင့် ရရှိခဲ့ကြပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကောလာဟလကြောင့်သာ အလုအယက်ဝယ်ယူကြတာဖြစ်ပြီး၊ ပုံမှန်အခြေအနေကို မကြာခင်အချိန်မှာ ပြန်လည်ရောက်ရှိလာမှာ ဖြစ်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ ဌာနက ဆိုပါတယ်။ 

ဒါ့အပြင် လက်ရှိ သီလဝါသိုလှောင်ကန်စခန်းတွေအပါအဝင် ပြည်တွင်းဆီလက်ကျန် အခြေအနေက ဓာတ်ဆီ ဂါလန်သန်းပေါင်း ၄၅ သန်း၊ ဒီဇယ်ဆီဂါလန်သန်းပေါင်း ၇၀ သန်းခန့်ရှိပြီး၊ ဆိပ်ကမ်းမှာရောက်ရှိပြီး သင်္ကြန်ပိတ်ရက်ကြောင့် ဆီမချရသေးတဲ့ သင်္ဘော ၂ စီးလည်း ရှိနေတယ်လို့ ဆိုထားပါတယ်။

အဲဒီထုတ်ပြန်ချက် မထွက်ပေါ်လာခင် အချိန်အနည်းငယ်အတွင်းမှာပဲ ပြည်တွင်း စက်သုံးဆီဆိုင်ကြီးတွေက လိုအပ်တဲ့ စက်သုံးဆီတွေကို အကန့်အသတ်မရှိ ရောင်းချပေးမှာ ဖြစ်ကြောင်း အသီးသီး ကြေညာချက် ထုတ်ပြန်လာကြပါတယ်။

နိုင်ငံတကာစျေး မြင့်တက်နေချိန် စျေးအမြင့်နဲ့ ပြန်လည်၀ယ်ယူရမှာကို စိုးရိမ်ကာ လုပ်ငန်းရှင်တွေက ပြည်တွင်းဆီပြတ်နိုင်ကြောင်း သတင်းလွှင့်ပြီး ဈေးပြန်တက်အောင် ဆွဲတင်နေတဲ့သဘောလည်း ဖြစ်နိုင်ကြောင်း ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ဒေါ်လာ အဝင်အထွက်ကို ထိန်းချုပ်ထားတာကြောင့် ဒေါ်လာ အလုံအလောက်မရောင်းပေးရင် ပြည်တွင်းကို စက်သုံးဆီ တင်သွင်းမှု အပေါ်ထိခိုက်နိုင်တယ်လို့ စက်သုံးဆီ တင်သွင်းရောင်းချသူတွေက‌တော့ ပြောကြားထားပါတယ်။

နယ်မြို့တချို့မှာတော့ လောင်စာဆီဈေးတွေ ထိုးတက်သွားပြီး ဓာတ်ဆီဆိုင်ကြီးတချို့ ပိတ်ထားကာ ဖွင့်ထားတဲ့ဆိုင်တွေမှာတော့ ဆိုင်ကယ်နဲ့ကားတွေ  တန်းစီပြီး ဓာတ်ဆီ ဝယ်ယူသူတွေနဲ့ ပြည့်နေပါတယ်။

ဒီအခြေအနေမှာ စက်သုံးဆီ အရောင်းဆိုင်တွေကတော့  ဆီအကန့်အသတ်မရှိ ရောင်းချပေးမှာဖြစ်တဲ့အကြောင်း ဒီနေ့ညနေပိုင်းမှာ အသီးသီး ထုတ်ပြန်ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up