close

တော်လှန်သင်္ကြန် သံချပ်အဖွဲ့များအား NUG က နှစ်သစ်ကူး ဂုဏ်ပြုငွေချီးမြှင့်

မြန်မာ့ရိုးရာ အတာသင်္ကြန်မှာ အကြမ်းဖက်စစ်ကောင်စီ ကြိုးဆွဲရာ မပါဝင်ကြဘဲ အွန်လိုင်းပေါ်ကတဆင့် သံချပ်တွေထိုးကာ ခေတ်သရုပ်ကို ပီပြင်ထင်ရှားစေတဲ့ စာသားတွေ ရွတ်ဆိုကာ ဆင်နွှဲခဲ့ကြတဲ့ တော်လှန်သံချပ်အဖွဲ့တွေကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နှစ်သစ်ကူး ဂုဏ်ပြုငွေတွေ ချီးမြှင့်လိုက်ပါတယ်။

နှစ်စဉ်ရိုးရာမပျက် ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြတဲ့ မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကိုတော့ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နဲ့ အခု ၂၀၂၂ ခုနှစ်တွေမှာ ပြည်သူတရပ်လုံးက ပါဝင်ဆင်နွှဲခြင်း မပြုလုပ်ကြဘဲ တော်လှန်သင်္ကြန်အဖြစ် သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ သံချပ်တွေက တော်လှန်ရေးရဲ့ သရုပ်သကန်၊ သင်္ကြန်သံချပ်တို့ရဲ့ အနှစ်သာရတို့ကို ပေါ်လွင်စေပြီး ပြည်သူလူထုကို စိတ်အားတက်ကြွစေရုံသာမက ဘဝအမောပြေစေမယ့် ရသတို့ကိုလည်း ပေးစွမ်းနိုင်ခဲ့တာကို တွေ့မြင်ခံစားရတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ထုတ်ပြန်ချက်မှာတော့ နာမည်ကြီး တော်လှန်ရေးသံချပ်အဖွဲ့တွေ ဖြစ်ကြတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့၊ အိုးဝေ-တော်လှန်သံချပ်အဖွဲ့နဲ့ ဒို့ရဲဘော် (တောတွင်းဧရာဝတီအင်အားစု PDF) သံချပ်အဖွဲ့ စတဲ့အဖွဲ့တွေကို ဂုဏ်ပြုငွေ ကျပ် ၂ သိန်းစီ ချီးမြှင့်ခဲ့တာ တွေ့ရပါတယ်။

အဆိုပါ သံချပ်အဖွဲ့တွေကို လေးစားဂုဏ်ပြုသောအားဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့တာဖြစ်ကြောင်းနဲ့ ဒါဟာ သင်္ကြန်ကာလအတွင်း အွန်လိုင်းမီဒီယာတွေကတဆင့် တော်လှန်သင်္ကြန် သံချပ်ထိုးခဲ့ကြတဲ့ အဖွဲ့တွေကို ပေးအပ်တာဖြစ်ပြီး တော်လှန်သင်္ကြန်အဖွဲ့တွေ ကျန်ရှိနေသေးပါက သင်္ကြန်ကာလအတွင်း အွန်လိုင်းပေါ်တင်ခဲ့တဲ့ လင့်ခ်တွေ ပေးပို့နိုင်ကြောင်းနဲ့ ဂုဏ်ပြုဆုငွေ ပေးအပ်သွားမယ်လို့လည်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up