close

ပြည်တွင်း စားအုန်းဆီစျေး ၂ ရာခိုင်နှုန်းကျော် ပြန်လည်မြင့်တက်လာ

ကမ္ဘာ့ထိပ်တန်း စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့ အင်ဒိုနီးရှားက သူနိုင်ငံတွင်း ဖူလုံဖို့အတွက် ပြည်ပနိုင်ငံတွေဆီ စားအုန်းဆီ တင်ပို့မှုကို ရပ်ဆိုင်းသွားဖို့ စီစဥ်နေတဲ့သတင်း ထွက်ပေါ်လာပြီးနောက်   ပြည်တွင်းစားအုန်းဆီစျေး ၂ ရာခိုင်နှုန်းကျော် ပြန်လည်မြင့်တက်လာပါတယ်။ 

စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက  ဧပြီ ၂၅ ကနေ မေ ၁ ရက်နေ့အထိ ရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းကို ၁ ပိဿာ ၅,၆၂၀ ကျပ်တိုးမြှင့် သတ်မှတ်ခဲ့ပြီး ဒီမတိုင်ခင် တပတ်အတွင်းက သတ်မှတ်စျေးနှုန်းဟာ ၁ ပိဿာကို  ၅,၅၀၀ ကျပ်သာရှိခဲ့ပါတယ်။ 

အခုတပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေမှာ စားအုန်းဆီစျေးနှုန်း မြင့်တက်နေပြီး တပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ FOB စျေးနှုန်းအပေါ် အခြေခံတွက်ချက်မှုအရ စျေးနှုန်းမြင့်တက်နေတာလို့ အဆိုပါကော်မတီက ဆိုထားပါတယ်။ 

ကော်မတီရဲ့ သတ်မှတ်ရည်ညွှန်းစျေး ၁ ပိဿာကို ၁၂၀ ကျပ် မြင့်တက်ခဲ့ပြီး၊ ပြင်ပစျေးကွက်မှာတော့ ၁ ပိဿာကို ၆,၀၀၀ အထက်၊ ၇,၀၀၀ နီးပါး ရောင်းချနေကြကာ စျေးနှုန်းတည်ငြိမ်မူမရှိဘူးလို့ စျေးကွက်အတွင်းက စုံစမ်းသိရပါတယ်။ 

အသေးစား စားသုံးဆီ လုပ်ငန်းရှင်တဦးက “သူတို့သတ်မှတ်တဲ့စျေးက တမျိုး၊ အပြင်မှာ အရောင်းအဝယ်လုပ်ကြတဲ့ စျေးတွေက တမျိုးဗျ။ စျေးကမငြိမ်ဘူးလို့ ပြောလို့ရတယ်" လို့ ပြောပါတယ်။

နေကြာဆီ အများဆုံးထုတ်လုပ်တင်ပို့တဲ့ ယူကရိန်းနဲ့ ရှရှားနိုင်ငံတို့ရဲ့ စစ်ရေးပဋိပက္ခတွေ စတင်လာပြီးနောက် နိုင်ငံတကာစားအုန်းဆီစျေးနှုန်းတွေ မြင့်တက်လာခဲ့ကာ နောက်ဆက်တွဲအနေနဲ့ ပြည်တွင်းစားအုန်းဆီစျေးလည်း မြင့်တက်ခဲ့ပါတယ်။ 

စစ်အာဏာသိမ်းခံရပြီးနောက် ငွေကြေးဖောင်းပွမှု မြင့်တက်ပြီး ကျပ်ငွေတန်ဖိုး အဆမတန်ကျဆင်းနေတဲ့ မြန်မာနိုင်ငံအနေနဲ့ စျေးနှုန်းမြင့်တက်မှုက ရာခိုင်နှုန်းပိုများခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လပိုင်းက ပြည်တွင်းစျေးကွက်မှာ  စားအုန်းဆီပြတ်လပ်မှု ဖြစ်ပေါ်ခဲ့ပြီး ၁ ပိဿာကို ကျပ် ၁၀၀၀၀ နီးပါးအထိ မြင့်တက်ခဲ့ပါတယ်။ 

အဲဒီနောက် စျေးအနည်းငယ် ပြန်လည်ကျဆင်းခဲ့ပြီး အခုအခါ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေအရ နိုင်ငံတကာ စားအုန်းဆီစျေးနဲ့အတူ ပြည်တွင်းစျေး ပြန်လည်မြင့်တက်လာတာပါ။ 

ကမ္ဘာ့စားအုန်းဆီ အဓိကထုတ်လုပ်တဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေရဲ့ စားအုန်းဆီ ထုတ်လုပ်တင်ပို့မှု နှုန်းထားတွေ ကျဆင်းလာချိန်၊ အင်ဒိုနီးရှားအစိုးရက ပြည်ပတင်ပို့မှုအပေါ် ကန့်သတ်တာတွေ ပြုလုပ်လာပြီးနောက် လုံးဝရပ်ဆိုင်းသွားဖို့ ဆုံးဖြတ်လိုက်ကြောင်း ကြေညာပါတယ်။ 

အခုလို ကမ္ဘာ့စားအုန်းဆီတင်ပို့မှုအများဆုံး အင်ဒိုနီးရှားနိုင်ငံက ဆီတင်ပို့မှု ရပ်ဆိုင်းလိုက်ပါက မြန်မာနိုင်ငံလို ပြည်တွင်းစားသုံးမှုအတွက် ပြည်ပကနေ ဆီအမြောက်အမြားတင်သွင်းနေရတဲ့ နိုင်ငံတွေမှာ  စားအုန်းဆီစျေးနှုန်းတွေ မြင့်တင်လာနိုင်တယ်လို့ စျေးကွက်ကျွမ်းကျင်သူတွေက မှတ်ချက်ပြုထားကြပါတယ်။ 

မြန်မာနိုင်ငံရဲ့ စားအုန်းဆီ တရားဝင်တင်သွင်းမှုက တနှစ်ကို တန်ချိန် ၈ သိန်းကျော်ရှိပြီး တရားမဝင်ဝင်ရောက်တဲ့ စားဆီတွေအပါအဝင် စုစုပေါင်း တင်သွင်းမှုက တနှစ်ကို တန်ချိန် ၁ သန်းလောက်အထိ ရှိပါတယ်။ 

စားအုန်းဆီစျေးနှုန်း ပြန်လည်မြင့်တက်လာခြင်းက ငွေကြေးဖောင်းပွမှု၊ စီးပွားရေးကျဆင်းပြီး ၀င်ငွေလျော့နည်းလာမှုနဲ့ ကြုံတွေ့နေရတဲ့  မြန်မာပြည်သူတွေအတွက်  နောက်ထပ်တဖန် ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up