close

ဒီးမော့ဆို၌ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းရန် NUG လုပ်ဆောင်ချက် ကရင်နီပြည်အစိုးရကန့်ကွက်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်‌ရေးဦးစီးဌာနမှ ထုတ်ပြန်တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းခြင်းဆိုင်ရာ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး ကန့်ကွက်ကြောင်း ကရင်နီပြည်အစိုးရ ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ကြားကာလ ရပ်ကွက်/ကျေးရွာအုပ်စု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ  ဖွဲ့စည်းဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက  ဧပြီ ၁၄ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

အလားတူ NUG ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဌာနကလည်း ဧပြီ ၂၄ ရက် ရက်စွဲနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ CDM  ဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီကို ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ ကြေညာလိုက်တာကို  ကန့်ကွက်ကြောင်း ကရင်နီပြည်အစိုးရက ဒီကနေ့ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ဒီလို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းလိုက်တာဟာ ဖယ်ဒယ်ပြည်ထောင်စု တည်ဆောက်ဖို့ ပြည်သူ့ညီလာခံက အတည်ပြုထားတဲ့ ဖယ်ဒရယ်ဒီမိုကစီပဋိညာဉ်နဲ့ ဆန့်ကျင်နေတာကြောင့် ကန့်ကွက်တာလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“ကျနော်တို့ ဖယ်ဒရယ် ဒီမိုကရေစီပဋိညာဉ်မှာ ကြားကာလ ပြည်နယ်တွေရဲ့ ဥပဒေပြုရေး၊ တရားစီရင်ရေးကို ပြည်နယ်တွေက လိုအပ်သလို ဖွဲ့စည်းတည်ဆောက်သွားမယ်ဆိုတာ သူက အတိအလင်း ပြောထားပြီးသားဖြစ်တယ်။ ဆိုတော့ ဒီနေ့က အုပ်ချုပ်ရေးအဖွဲ့တွေပေါ့နော် CRPH ကနေသော်လည်းကောင်း၊ NUG ကသော်လည်းကောင်း အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းတာရှိတယ်။ ဒါ့အပြင်ကို ကျနော်တို့ ပညာရေး၊ ကျန်းမာရေး အစုံပဲ အများကြီးရှိတယ်၊ ဟိုကနေ တိုက်ရိုက်လာဖွဲ့စည်းတာတွေပေါ့လေ။ ရှိတော့ တကယ်လို့ ဖွဲ့စည်းမယ်၊ ဒီလို ပြည်နယ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုလို့ရှိရင် ကျေကျေလည်လည် ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်သင့်တာပေါ့။ အခုဟာက ပြည်နယ်ထဲမှာ တစုံတရာ ညှိနှိုင်းဆောင်ရွက်မှုတွေ မလုပ်တဲ့အခါကျတော့ ပြဿနာတွေရှိလာတောပေါ့။ အဲဒါပဲ။”

CRPH နဲ့ NUG အစိုးရက ဒီလို အုပ်ချုပ်ရေးပိုင်းမှာ တိုက်ရိုက် အကောင်အထည်ဖော် လုပ်ဆောင်မှုတွေဟာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)ကနေ ရေးဆွဲပြီး ပြည်သူ့ညီလာခံမှာ အတည်ပြုထားတဲ့ ဖယ်ဒရယ် ဒီမိုကရေစီပဋိညာဉ်အစိတ်အပိုင်း ၂၊ အခန်း ၈ ပါ ပုဒ်မ ၅၂ ၊ ၅၃ အရ ကြားကာလ ပြည်နယ်/ ဖယ်ဒရယ် ယူနစ်တွေရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ္ဍမှာ ဖော်ပြထားတဲ့ လုပ်ပိုင်ခွင့်တဲ့ ဆန့်ကျင်နေကြောင်းလည်း ထုတ်ပြန်ထား ပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) မှာ ပါဝင်တဲ့ အဖွဲ့အစည်းတိုင်းဟာ Chapter အတိုင်း လိုက်နာကျင့်သုံးပါမယ်လို့  ကတိကဝတ်ပြုထားတဲ့အတိုင်း ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါကြောင့် ကရင်နီပြည်နယ်အတွင်း အရင်က ဖွဲ့စည်းတည်ဆောက်ထားတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းနဲ့သော်လည်းကောင်း၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီနဲ့သော် လည်းကောင်း တစုံတရာ ကျေလည်မှုရှိအောင် ညှိနှိုင်းဆောင်ရွက်ခြင်းမပြုဘဲ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမဆို လက်ခံမှာ မဟုတ်ကြောင်းနဲ့ သက်ဆိုင်ရာကနေ အမြန်ဆုံး ပြန်လည်ရုပ်သိမ်းဖို့လည်း ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးက အသိပေးထုတ်ပြန်ကြေညာထားပါတယ်။ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဘာကြောင့် ညှိနှိုင်းဆောင်ရွက်တာမရှိဘဲ အခုလို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဖွဲ့စည်းဖို့ လုပ်ဆောင်တာလဲ ဆိုတာကိုတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်က ရှင်းလင်းထုတ်ပြန်တာ မရှိသေးပါဘူး။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up