close

မုံရွာ လူမှုကယ်ဆယ်ရေးအသင်း ကား ၂ စီး မိုင်းထိမှန်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က မုံရွာလူမှုကယ်ဆယ်ရေးအသင်း ကား ၂ စီး ဒီနေ့ ဧပြီ ၂၉ ရက်‌ မနက်အစောပိုင်းက မိုင်းထိမှန်ခဲ့တယ်လို့ မုံရွာမြို့ပေါ် လူမှုရေးအသိုင်းအဝိုင်းက ပြောပါတယ်။

မြင်းမူမြို့နယ်၊ ထီးစောင်းကျေးရွာနဲ့ ညောင်ပင်ဝန်းကျေးရွာအကြား မုံရွာ-မန္တလေး ကားလမ်းမတနေရာမှာ ထိမှန်ခဲ့တာလို့လည်း ဆိုပါတယ်။

အသင်းနဲ့နီးစပ်သူတဦးက "မိုင်းထိမှန်ရုံတင်မကဘူး၊ သေနတ်နဲ့ပါ အပစ်ခံရတယ်။ လူနာကို မန္တလေးဘက် သွားပို့တာမှာ အခုလိုဖြစ်ခဲ့တာလို့တော့ သိရတယ်" လို့ ပြောပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်လို့ မုံရွာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌက "အပြင်ဆေးခန်းကနေ လိုက်ပို့တာကနေ အခုလိုဖြစ်တာဗျ။ ပျက်စီးတာကတော့ ကားနှစ်စီးလုံး ရှေ့မှန်တွေ အကုန်ကွဲကုန်တယ်။ ကားကိုယ်ထည်တွေလည်း မိုင်းစထိမှန်ထားတဲ့ အပေါက်တွေ၊ သေနတ်နဲ့ပစ်ထားတဲ့ အပေါက်တွေနဲ့ ပြည့်နေတယ်။ နောက်ပြီး ကျနော့်အသင်းက ကလေးတယောက် မှန်စထိမှန်တာလည်း ရှိခဲ့တယ်။ ကျနော်တို့အသင်းအနေနဲ့ လူနာတွေကို နယ်ဝေးပို့တဲ့အခါ အဲဒီကားနှစ်စီးကိုပဲ သုံးရတာဗျ။ အခုလိုဖြစ်သွားတော့ ကူညီရေးမှာ အခက်အခဲ ကြီးကြီမားမား ဖြစ်သွားပြီ" လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကာဏာသိမ်းပြီးချိန်ကစလို့ လူမှုကူညီရေး အသင်းတွေကို စစ်ကောင်စီက တင်တင်းကျပ်ကျပ် ဖမ်းဆီး စစ်ဆေးနေတာတွေ ရှိနေသလို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း လမ်းပိုင်းအသုံးချမှု ထုတ်ပြန်ချက်ကို တိတိကျကျ လိုက်နာပေးကြဖို့ မေတ္တာရပ်ခံထားတာတွေလည်း ရှိနေပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ် ဆိုတာကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုချက် ရယူနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up