close

စစ်ကောင်စီက ကိုဗစ်-၁၉ ကို လက်နက်သဖွယ် အသုံးချနေမှု အစီရင်ခံစာထုတ်ပြန်

တနင်္သာရီတိုင်းအတွင်းမှာ စစ်ကောင်စီက ကိုဗစ်-၁၉ ကို လက်နက်သဖွယ် အသုံးချနေတာနဲ့ ပတ်သက်လို့ စုစည်းထားတဲ့ အချက်လက်တွေကို တနင်္သာရီတိုင်း လူထုအသံက ဦးဆောင်ပြီး အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

မေ ၄ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ထုတ်ပြန်လိုက်တာဖြစ်ကာ စစ်ကောင်စီက ကိုဗစ်-၁၉ အကြောင်းပြပြီး နေအိမ်တွေကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာတွေ၊ ငွေညှစ်တောင်းခံတာတွေ၊ လက်ရှိ အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ကိုဗစ်-၁၉ အကြောင်းပြချက်နဲ့ မိသားစုဝင်တွေနဲ့ ပေးမတွေ့တာတွေကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ ခရီးသွားလာရာမှာလည်း မော်တော်ယာဉ်လိုင်းတွေနဲ့ ချိတ်ဆက်ထားတဲ့ စစ်ဆေးရုံက ကာကွယ်ဆေး မထိုးထားသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးထားပြီးကြောင်း ထောက်ခံချက် လက်မှတ်တွေကို ငွေကြေး သုံးသောင်းလောက်နဲ့ ပြုလုပ်ခဲ့တာတွေ ရှိနေပြီး နိုင်ငံတကာက ပေးအပ်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေကိုလည်း စနစ်တကျ မထိုးနှံပေးတာတွေကို ရှင်းလင်းပြောကြားခဲ့ကြပါတယ်။

အခု သုတေသန တွေ့ရှိချက်တွေကို ယူအန်နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအပြင် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကိုလည်း ပေးပို့သွားမှာဖြစ်ပြီး အဆိုပါ အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူလူထုကို အခြေပြု ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့သာ ပူးပေါင်းဆောင်ရွက်ဖို့၊ စစ်ကောင်စီကို အဆက်ဖြတ်ဖို့ တိုက်တွန်းသွားမယ်လို့ Network for advocacy action က မစုစုဆွေက ပြောပါတယ်။

အဆိုပါစစ်တမ်းကို တနင်္သာရီတိုင်းအတွင်းမှာရှိတဲ့ မြို့နယ် ၁၀ မြို့နယ်က တမြို့နယ်ကို ၂၅ ဦးနှုန်း အပါအဝင် စုစုပေါင်း လူပေါင်း ၂၆၀ ကို မေးမြန်းပြီး စစ်တမ်းပြုစုထားတာလည်း ဖြစ်ပါတယ်။

အခုစစ်တမ်းမှာ CDM ပြုလုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ လူမှုအခြေပြု ကျန်းမာရေး စေတနာ့ဝန်ထမ်းတွေ၊ အကြမ်းဖက် ဖမ်းဆီးခံရသူတွေနဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ မိသားစုဝင်တွေ၊ ကာကွယ်ဆေး သွားရောက်ထိုးနှံသူတွေနဲ့ ကာကွယ်ဆေးထိုးခွင့် မရရှိသူတွေ စသဖြင့် နယ်ပယ်အလွှာအသီးသီးက လူတွေကို မေးမြန်းပြီး စစ်တမ်းကောက်ယူထားတယ်လို့လည်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up