close

စစ်ခေါင်းဆောင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတုအယောင်သာဖြစ်ပြီး တရားမဝင်ဟု NUCC ကြေညာ

အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်တာဟာ အတုအယောင် ဖြစ်ပြီး တရားမဝင်ဘူးလို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က  မေလ ၇ ရက်  ဒီနေ့ ထုတ်ပြန်ကြေညာလိုက်တယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးအတွက် သူကိုယ်တိုင် တွေ့ဆုံဆွေးနွေးမယ်လို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကို ဧပြီ ၂၂ မှာ ဖိတ်ခေါ်ခဲ့ပြီး ဒါဟာ နိုင်ငံရေး၊ စစ်ရေးအပါအဝင် အဘက်ဘက်က အကျပ်အတည်းဆိုက်ပြီး ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာနေတဲ့ စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးအကြောင်းပြ ဆွေးနွေးပွဲ ဖိတ်ခေါ်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။

အတုအယောင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ သူတို့ ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးနဲ့ စီးပွားရေး အခက်အခဲတွေကို ယာယီ ဖြေရှင်းဖို့ ကြိုးစားတာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်အသက်သွင်းမယ့် စစ်အုပ်စုရဲ့ အတုအယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ဟာ တရားမဝင်ဘူးလို့ NUCC က ထုတ်ပြန်ပြောဆိုပါတယ်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီအနေနဲ့ ဒါကို ရှုတ်ချပြီး နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ၊ ပြည်သူ့ခုခံတော်လှန်ရေးအင်အားစုအားလုံး အနေနဲ့လည်း ပြည်သူနဲ့ တသားတည်း ဆက်လက်ရပ်တည်ပြီး စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးအတွက် ကျရာကဏ္ဍကနေ ပါဝင်လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းတာကို အခု သဘောထားထုတ်ပြန်တဲ့အချိန်အထိ ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ကြတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေကိုလည်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက လေးစား အသိ အမှတ်ပြု မှတ်တမ်းတင်တယ်လို့ ဆိုပါတယ်။

အဲဒီ ဆွေးနွေးပွဲကို မတက်ဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) တို့က သဘောထား ထုတ်ပြန်ထားကြတာဖြစ်ပါတယ်။

အန်စီအေ အပစ်ရပ်လက်မှတ်ထားထားတဲ့အဖွဲ့တွေထဲကလည်း  ၅ ဖွဲ့သာ တက်ရောက်တော့မယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။

UWSA ‘ဝ’ တပ်ဖွဲ့ဦးဆောင်တဲ့ အန်စီအေ အပစ်ရပ်လက်မှတ်မထိုးရတဲ့ မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကတော့    စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်မယ် မတက်ဘူး  မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။ 

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီကတော့  တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ နှစ်ပေါင်း ၇၀ ကျော်ကြာ အစဉ်တစိုက် ကြိုးပမ်းအကောင်အထည်ဖော်ခဲ့တဲ့ အမျိုးသားတန်းတူရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကို ရည်မှန်း လက်တွေ့ အကောင်အထည်ဖော် နေပြီး စစ်အုပ်စုက အာဏာသိမ်းလို့ ပျက်စီးသွားပြီဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တရားဝင်သယောင် ပြန်အသက်သွင်းတဲ့ ဘယ်လို လှုပ်ရှားမှုကိုမဆို ဆန့်ကျင်တယ်လို့လည်း ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up