close

စစ်ခေါင်းဆောင်နှင့်တွေ့မည့်ကိစ္စ အပစ်ရပ်အဖွဲ့များ ဆွေးနွေးနေ၊ ‘ဝ’ ဦးဆောင်သည့် အပစ်မရပ်အဖွဲ့များ မဆုံးဖြတ်ရသေး

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများ၏ စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များညီလာခံ (ဒုတိယပိုင်း)။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့။ ဧပြီ ၃၊ ၂၀၂၂။

အာဏာသိမ်းစစ်ခေါင်းဆောင် ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ပြီး ဘာတွေဆွေးနွေးကြမလဲဆိုတာ ညှိနှိုင်းဖို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ မေ ၆ ရက် ဒီကနေ့ အစည်းအဝေး ကျင်းပနေပါတယ်။

စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံမှုကို အခွင့်အလမ်းကောင်းတရပ် အ‌နေနဲ့ အသုံးချနိုင်ဖို့ အရေးကြီးတဲ့အကြောင်းနဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အနေနဲ့ရော တဖွဲ့ချင်းအနေနဲ့ပါ ဒီကနေ့ ဆွေးနွေးကြမှာလို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

အဲဒီတွေ့ဆုံကြမယ့်ပွဲမှာတော့ CNF ကို စစ်ကောင်စီက ဖိတ်ကြားခြင်း မရှိတာကြောင့် တက်ရောက်မှာမဟုတ်ဘဲ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS) အဖွဲ့တို့ကလည်း တက်ရောက်မယ်၊ မတက်ရောက်ဘူး ဆိုတာကို တိတိကျကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

အန်စီအေလက်မှတ်ထိုးမထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ‘ဝ’ ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) ကလည်း စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်၊ မတက်ဆိုတာ အခုချိန်ထိ ဆုံးဖြတ်ချက် မချရသေးဘူးလို့ အဲဒီအဖွဲ့တွေဆီက သိရပါတယ်။

‘ဝ’ တပ်ဖွဲ့အနေနဲ့လည်း အဲဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ ရှိမရှိ အခုချိန်ထိ ပေါ်လစ်ဗျူရိုအဖွဲ့က မဆုံးဖြတ်ရသေးဘူးလို့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ လားရှိုးဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ပြောပါတယ်။

FPNCC အဖွဲ့ထဲမှာပါတဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) ကတော့ တဖွဲ့ချင်းသဘောထားအနေနဲ့ စစ်ကောင်စီဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲကို တက်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ထားပေမဲ့ ညီနောင်မဟာမိတ်တွေရဲ့ သဘောထားနဲ့ ဆုံးဖြတ်ချက်က အခုထိ ထွက်မလာသေးဘူးလို့ TNLA တပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူး တာအိုက်ကျော်က ဆိုပါတယ်။

FPNCC အဖွဲ့ကို ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ဦးဆောင်ပြီး မြောက်ပိုင်း မဟာမိတ်လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ မိုင်းလားတပ်မတော် (NDAA) တို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကတော့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ဘူးလို့ ထုတ်ပြန်ကြေညာထားပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်သင့်တဲ့သူတွေ အားလုံးပါဝင်နိုင်ပြီး နိုင်ငံရဲ့ အရေးအရာတွေကို တန်းတူဆွေးနွေးနိုင်မယ့် အချိန်အခါ၊ အခင်းအကျင်းရောက်မှသာ ပါဝင်ဆွေးနွေးနိုင်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up