တရားမဝင်မြန်မာများ တင်လာသည့်ကား သေနတ်ဖြင့်ပစ်ခံရ၊ ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ

ထိုင်း-မြန်မာနယ်စပ် ပရကျုပ်ခီရီခန်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံ သားတွေကို တရားမဝင်သယ်ဆောင်လာတဲ့ကားတစီး လမ်းခုလတ်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ၁ ဦး သေဆုံး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
မေလ ၆ ရက်နေ့ မနက်က ပရကျူပ်ခီရီခန်မြို့နယ် ကော်လတ်ကျေးရွာအုပ်စု နောင်ကဲမှ နောင်နွန့်ရွာကြား ကားလမ်းမပေါ်မှာ ကားတစီးဘီးပေါက်ပြီး ကားပေါ်မှာ ဒဏ်ရာရသူတွေရှိ နေကြောင်း အကြောင်းကြားချက်ရတဲ့အတွက် လူနာတင်ယာဉ်နဲ့အတူသွားရောက်စစ်ဆေးခဲ့တယ် လို့ ပရကျူပ်ခီရီခန်ရဲတပ်ဖွဲ့ တာဝန်ရှိသူကပြောပါတယ်။
တာဝန်ရှိသူတွေရောက်သွားစဉ် လမ်းဘေးမှာရပ်ထားတဲ့ တိုယိုတာဟိုင်းလပ်ကား ၁ စီးမှာ ဘီးပေါက်လို့ ပြားနေပြီး ကားနောက်ခန်းမှန်နဲ့ အရှေ့မှန်လည်းကွဲနေကြောင်း၊ ကားဘော်ဒီမှာ ပွတ်တိုက်ရာနဲ့ သေနတ်ဒဏ်ရာရှိပြီး ကားနောက်ခန်းမှာ ကျည်ထိဒဏ်ရာတွေနဲ့ သေဆုံးနေသူ ၁ ဦးကို တွေ့ရတာလို့ တာဝန်ရှိသူကပြောပါတယ်။
ဒါ့အပြင် အနီးမှာလည်း ကျောမှာသေနတ်ဒဏ်ရာရထားတဲ့ အမျိုးသား ၂ ဦး နဲ့ အမျိုးသမီး ၂ ဦးကို တွေ့ရတာကြောင့် သူတို့အား ပရကျူပ်ဆေးရုံကို အမြန်ဆုံးပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ယာဉ်မောင်းသမားကိုတော့ မတွေ့ရဘဲ အနီးနားတဝိုက်လိုက်လံရှာဖွေရာမှာ ချုံပုတ်တွေကြား ကြောက်ရွံ့စွာပုန်းအောင်းနေသူ ၁၃ ဦးကိုတွေ့ရကြောင်း၊ စကားပြန်နဲ့စစ်ဆေးမေးမြန်းရာမှာ သူတို့အားလုံး မွန်ပြည်နယ် မုဒုံကဖြစ်ပြီး ထိုင်းမှာအလုပ်လာလုပ်ဖို့ ပွဲစားကို တဦးလျှင် ဘတ် ၂၃၀၀၀ နဲ့ ဝင်လာကြောင်း၊ တောထဲမှာ ၃ ရက်စောင့်ဆိုင်းရပြီး မေလ ၆ ရက် မနက် ၄ နာရီကျော် ၅ နာရီလောက်မှာ လာကြိုတဲ့ကားနဲ့လိုက်လာစဉ် လမ်းမှာ စစ်ဆေးရေးဂိတ်တခုတွေ့ကြောင်း၊ ကားသမားက အဆိုပါဂိတ်မှာမရပ်ဘဲ ဖြတ်မောင်းခဲ့ပြီး တနေရာအရောက်သေနတ်သံ ၄ ချက်ကြားပြီး ခရီးသွားဖော်လည်း သေနတ်မှန်သလို ကားဘီးလည်းပေါက်သွားတယ်လို့ ဆိုပါတယ်။
ကားရပ်သွားတော့ ကားမောင်းသမားဟာလည်း သူတို့ကို ထားခဲ့ပြီး ထွက်ပြေးသွားတယ်လို့ ခရီးသည်တွေက ပြောပါတယ်။
ကော်လတ်နယ်မြေစစ်ဆေးရေးဂိတ်ကတော့ မေလ ၆ ရက် မနက်ပိုင်းမှာ ဟိုင်းလပ်ကား ၁ စီးဝင်ရောက်လာလို့ စစ်ဆေးဖို့တားခဲ့ပေမယ့် ကားကရပ်မပေးဘဲ အတင်းမောင်းသွားလို့ အနောက်ကနေ လိုက်သွားခဲ့ကြောင်း၊ အဲဒီကားကို လမ်းဘေးမှာရပ်ထားတာတွေ့ပြီး သေဆုံးဒဏ်ရာရတာတွေ့ကြောင်း၊ အဆိုပါပစ်ခတ်မှုမှာ သူတို့နဲ့ မပတ်သက်ဘူးလို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပရကျူပ်ခီရီခန်ခရိုင်ရဲတပ်ဖွဲ့နဲ့ တိုင်းဒေသ ၇ ရဲတပ်ဖွဲ့တို့ အရေးပေါ်အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။ အပစ်ခံရပြီး သေဆုံးဒဏ်ရာရသူတွေဟာ အိမ်နီးချင်းနိုင်ငံသားတွေ ဖြစ်နေတာကြောင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုထိခိုက်စေနိုင်ကြောင်း၊ ဒါကြောင့် အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးပြီး ပြစ်ခတ်မှုကျူးလွန်သူကို အပြစ်ပေးအရေးယူရမယ်လို့ ပရကျူပ် ခီရီခန်ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောသွားပါတယ်။