close

စစ်ကောင်စီက ၁ ပတ်အတွင်း အကြမ်းဖက် ဖမ်းဆီးမီးရှို့သတ်ဖြတ်မှုပေါင်း ၈၅ မှုကျူးလွန်ဟု NUG ထုတ်ပြန်

စစ်အုပ်စုက နိုင်ငံတဝန်း ပြီးခဲ့တဲ့ ၁ ပတ်တာအတွင်း အကြမ်းဖက် ဖမ်းဆီး၊ မီးရှို့၊ သတ်ဖြတ်မှုပေါင်း ၈၅ မှုအထိ ကျူးလွန်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကတည်းက ခုချိန်ထိတိုင်အောင် မင်းမဲ့စရိုက်ဆန်ဆန် ဉပဒေမဲ့ နိုင်ငံတဝန်း ပစ်သတ်သတ်ဖြတ်မှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေကို ကျူးလွန်နေတာ ဖြစ်ပါတယ်။

လတ်တလော ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ မေ ၁ ရက်ကနေ ၇ ရက်အထိ စစ်ကောင်စီရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် မြို့ရွာတွေအလိုက် ဖော်ပြထားခဲ့ကာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာတော့ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုမှု အခု ၂၀ အပါအဝင် သတ်ဖြတ်မှု ၁၁ ခု၊ မီးရှို့သတ်ဖြတ်မှု ၅ ခု၊ ဖမ်းဆီးမှု ၁ ခုနဲ့ ၄၄ ရာခိုင်နှုန်းနဲ့ အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ ဖမ်းဆီး၊ မီးရှို့၊ သတ်ဖြတ်မှုတွေ အများဆုံး ကျူးလွန်ခံခဲ့ရတယ်လို့ ဖော်ပြထားပြီး မြေပြင်မှာတော့ အခုထက်ပိုမိုပြီးတော့ အကြမ်းဖက်မှုတွေ ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်း နေခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထု တရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပြီး ပြည်သူ့ခုခံတွန်းလှန်စစ် ၁၁ လတာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၃,၀၀၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၂၈၀ ထိ ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် ဧပြီ ၂၅ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက်စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up