close

အာဏာသိမ်းစစ်ခေါင်းဆောင်နေအိမ်ရောင်းချမှု ၃ ရက်အတွင်း ကန်ဒေါ်လာ ၂ သန်းရရှိထား

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အင်းယားလမ်း နေအိမ်ကို ရောင်းချနေရာမှာ ၃ ရက်အတွင်း အမေရိကန်ဒေါ်လာ ၂ သန်းဖိုး ရှယ်ယာရောင်းထားရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာပါတယ်။

NUG အစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က “၁၄/အင်းလျား အစုရှယ်ရာရောင်းအား ၇၂ နာရီ အကြာမှာ ဒေါ်လာ ၂ သန်း ပြည့်သွားပါပြီ။ တနည်းအားဖြင့် အကြမ်းဖက် စစ်ခေါင်း ဆောင်ရဲ့ အိမ်နဲ့ ခြံမြေ ၂၀ ရာခိုင်နှုန်းကို ပြည်သူက ၃ ရက်အတွင်း ပြန်လည်သိမ်းပိုက်နိုင်လိုက်တာပါပဲ။ နာရီမိနစ်စက္ကန့်နဲ့အမျှ ဝယ်လိုအားတွေ တရိပ်ရိပ်တက်နေတာမို့ မူလရည်မှန်းထားတဲ့ ဒေါ်လာ ၁၀ သန်းပြည့်ဖို့ ရက်သတ္တပတ်နဲ့ ချီပြီး ကြာမယ့်ပုံ မရှိပါဘူး။ ကမ္ဘာတလွှား အရောင်းကိုယ်စားလှယ်တွေ အားလုံးလည်း နေ့မအား ညမအား လက်မလည်နိုင်အောင် ရောင်းချပေးလျက်ရှိပါတယ်။ နွေဦးအောင်လံဟာ အပြင်းထန်ဆုံး အရှိန်အဟုန်နဲ့ တလူလူလွှင့်ချီလျက် ပန်းတိုင်နဲ့ နီးသထက်နီးလာပြီ။ အားလုံးရဲ့ ညီညာစုရုန်းမှုနဲ့ အာဏာရှင်အဆုံးသတ်နိဂုံး (The End of Dictatorship- EOD) ကို ပုံဖော်ကြပါစို့။”လို့ ပြောပါတယ်။

မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ ရန်ကုန်၊ အင်းယားလမ်းက နိုင်ငံတော်ပိုင်မြေဟာ ၁ ဒသမ ၈၆ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ရှိပေမဲ့ ကာလတန်ကြေးရဲ့ ၃ ပုံ ၁ ပုံ၊ အမေရိ ကန်ဒေါ်လာ ၁၀ သန်း တန်ဖိုးဖြတ်ပြီး NUG က ရှယ်ယာတစုကို အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ပြီး အစုရှယ်ယာ တသိန်းတိတိရောင်းချနေတာပါ။

ဒါဟာ အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) အစီအစဉ်ရဲ့ ကနဦးခြေလှမ်းဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က လက်မှတ် ရေးထိုးထုတ်ပြန်ထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းယားလမ်း၊ ခြံအမှတ် ၁၄ က မြေနဲ့အဆောက်အအုံကို ကြိုတင်ရောင်းချနိုင်ရေး ပြည်သူ့ဆန္ဒကောက်ယူတဲ့ စစ်တမ်း တခုကို မကြာသေးခင်က ပြုလုပ်ခဲ့ပြီး စစ်တမ်းကောက်တဲ့ ၆ ရက်တာကာလအတွင်း စုစုပေါင်း ဆန္ဒပြုသူ ၁၈၀၀၀ ကျော်ရဲ့ ၉၇ ရာခိုင်နှုန်းကျော်က ဝယ်ယူမယ်လို့ဆန္ဒပြုခဲ့ကြပြီး ဝယ်ယူဖို့ အဆိုပြုပမာဏ စုစုပေါင်းကငွေကျပ် ၃၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇ သန်း) လောက်ရှိပါတယ်။

ဒီရောင်းချမှုကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄  ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နဲ့ အပိုဒ် ၅ အရ စီမံဆောင်ရွက်တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up