close

ကန်ဒေါ်လာ ၂ သန်း

close

August 23, 2022

စစ်ခေါင်းဆောင်၏ ၆ မိုင်ခွဲ Inya View နေရာရောင်းချမှု ကန်ဒေါ်လာ ၂ သန်း ရထား

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြည်သူထံမှ ခိုးယူထားတဲ့ ရန်ကုန်မြို့ ၆ မိုင်ခွဲ Inya View နေရာကို NUG အစိုးရက ဩဂုတ် ၅ ရက်က စတင်ရောင်းချနေရာမှာ သီတင်း ၂ ပတ်ကျော်အတွင်း အစုရှယ်ယာ အမေရိကန်ဒေါ်လာ ၂ သန်းဖိုး ရောင်းချထားရပြီလို့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မတရားယူထားတဲ့ ရန်ကုန်မြို့ရှိ အင်းယားလမ်းနေအိမ်ကို NUG က အမေရိကန် ဒေါ်လာ ၁၀ သန်းနဲ့ တန်ဖိုးဖြတ်ရှယ်တွေအားလုံးရောင်းချခဲ့အပြီးမှာ  အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) ရဲ့ ဒုတိယ အစီအစဉ်အဖြစ်  လှိုင်မြို့နယ်၊ ၆ မိုင်ခွဲမှာ တည်ရှိတဲ့  နိုင်ငံတော်ပိုင်မြေဟာ ၁ ဒသမ ၈ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်တန်ကြေးရှိတဲ့ Inya View နေရာကို NUG က ထပ်မံ ရောင်းချနေတာပါ။

“ဒေါ်လာ ၂ သန်းဖိုး ရောင်းခဲ့ပြီးပါပြီ… Inya View @6.5mile project ကြီးက သတ်မှတ်ရှယ်ယာတန်ဖိုး ဒေါ်လာ ၇ သန်းမှာ ၂ သန်းထိခရီးပေါက်ခဲ့ပြီဆိုတော့ ၂၈ ရာခိုင်နှုန်းလောက် အောင်မြင်ခဲ့ပြီ ဆိုရပါမယ်။ ၂ ပတ်စွန်းစွန်းမှာတင် ဒေါ်လာ ၂ သန်းဖိုးရောင်းရတယ်ဆိုတာ တွေးကြည့်ရင်အားရှိစရာကြီးပါ။  EOD share တွေဝယ်ကြတယ်ဆိုတာ - ဂုဏ်သိက္ခာအရလည်း တန်ဖိုးရှိတယ်။ ငွေကြေးအရလည်း မြတ်ဦးမယ်။ ဆွေစဉ်မျိုးဆက် လိပ်ပြာလုံ၊ သိက္ခာရှိစေမယ့် ရင်းနှီးမြှုပ်နှံမှုကြီးပါ။ ကိုယ် တပင်တပန်းရှာထားတဲ့ ပိုက်ဆံကို အဘက်ဘက်က သေချာပေါက်မြတ်မယ့် project တွေမှာ ရင်းနှီးမြှုပ်နှံပါ။ သွားရမယ့် ခရီးကြီးကရှည်ရင် ရှေ့တလှမ်းချင်းစီကို အာရုံစိုက်ပြီးသွားကြရပါမယ်။ Project တခုချင်းစီ အောင်မြင်အောင် ဆောင်ရွက်ကြရင်း တော်လှန်ရေးကြီး အဆုံးသတ်အောင်မြင်မယ့်နေ့ကို မလွဲမသွေ ရောက်လာတော့မှာပါ။ ပွဲပြီးတဲ့နေ့ လက်မထောင်နိုင်ဖို့ EOD share ဝယ်ကြပါဦးလို့ ထပ်မံဖိတ်ခေါ်လိုက်ပါတယ်” လို့  EOD project စီစဉ်သူတွေက တိုက်တွန်းထားပါတယ်။

အခုရောင်းချမှုမှာတော့ ကာလတန်ကြေးရဲ့ ၃ ပုံ ၁ ပုံ၊ အမေရိကန်ဒေါ်လာ ၇ သန်းသာ တန်ဖိုးဖြတ်ပြီး အစုရှယ်ယာ ၇၀,၀၀၀ ကို ရောင်းချသွားမှာဖြစ်ကာ ရှယ်ယာတစုကို အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ရှယ်ရာပေါင်း ၅၀၀ (ဒေါ်လာ ငါးသောင်းဖိုး) ကို တယောက်တည်းက ဝယ်ယူအားဖြည့်ခဲ့သလို ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်မှာလည်း ရှစ်လေးလုံးအရေးတော်ပုံအထိမ်းအမှတ်အနေနဲ့ ၈၈ တုန်းက အမြစ်မပြတ်ခဲ့လို့ ၂၀၂၁ မှာ တခါ ခေါင်းထောင်လာတဲ့ အာဏာရှင်စနစ်ကို၊ သူတို့ခေတ်မှာ အမြစ်ဖြတ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ စင်ကာပူနိုင်ငံကနေ 8888 အမည်နဲ့ ရှယ်ယာ ၈၈ စောင် ဝယ်ယူသူ တဦးလည်း ပေါ်ထွက်လာခဲ့တယ်လို့ EOD က ဆိုပါတယ်။

ဒီရောင်းချမှုကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နဲ့ အပိုဒ် ၅ အရ စီမံဆောင်ရွက်တာဖြစ်ပြီး EOD ရဲ့ ပထမ အစီအစဉ် “၁၄ အင်းလျား” ကို ရောင်းချပေးခဲ့တဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးက ကိုယ်စားလှယ်တွေဆီ ချိတ်ဆက်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် The End of Dictatorship-EOD အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရား ရယူသိမ်းပိုက်ထားတဲ့ တခြားသော အိမ်နဲ့ အဆောက်အအုံတွေ၊ စစ်ကောင်စီခေါင်းဆောင်တွေ မတရား ပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေတွေကို တခုပြီးတခု ကြိုပွိုင့်နဲ့ ရောင်းချပြီး တော်လှန်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေတွေကိုလည်း ဆက်လက်ရှာဖွေသွားမယ်လို့ ပြောထားပါတယ်။

7 mins Ago

May 9, 2022

အာဏာသိမ်းစစ်ခေါင်းဆောင်နေအိမ်ရောင်းချမှု ၃ ရက်အတွင်း ကန်ဒေါ်လာ ၂ သန်းရရှိထား

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အင်းယားလမ်း နေအိမ်ကို ရောင်းချနေရာမှာ ၃ ရက်အတွင်း အမေရိကန်ဒေါ်လာ ၂ သန်းဖိုး ရှယ်ယာရောင်းထားရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာပါတယ်။

NUG အစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က “၁၄/အင်းလျား အစုရှယ်ရာရောင်းအား ၇၂ နာရီ အကြာမှာ ဒေါ်လာ ၂ သန်း ပြည့်သွားပါပြီ။ တနည်းအားဖြင့် အကြမ်းဖက် စစ်ခေါင်း ဆောင်ရဲ့ အိမ်နဲ့ ခြံမြေ ၂၀ ရာခိုင်နှုန်းကို ပြည်သူက ၃ ရက်အတွင်း ပြန်လည်သိမ်းပိုက်နိုင်လိုက်တာပါပဲ။ နာရီမိနစ်စက္ကန့်နဲ့အမျှ ဝယ်လိုအားတွေ တရိပ်ရိပ်တက်နေတာမို့ မူလရည်မှန်းထားတဲ့ ဒေါ်လာ ၁၀ သန်းပြည့်ဖို့ ရက်သတ္တပတ်နဲ့ ချီပြီး ကြာမယ့်ပုံ မရှိပါဘူး။ ကမ္ဘာတလွှား အရောင်းကိုယ်စားလှယ်တွေ အားလုံးလည်း နေ့မအား ညမအား လက်မလည်နိုင်အောင် ရောင်းချပေးလျက်ရှိပါတယ်။ နွေဦးအောင်လံဟာ အပြင်းထန်ဆုံး အရှိန်အဟုန်နဲ့ တလူလူလွှင့်ချီလျက် ပန်းတိုင်နဲ့ နီးသထက်နီးလာပြီ။ အားလုံးရဲ့ ညီညာစုရုန်းမှုနဲ့ အာဏာရှင်အဆုံးသတ်နိဂုံး (The End of Dictatorship- EOD) ကို ပုံဖော်ကြပါစို့။”လို့ ပြောပါတယ်။

မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ ရန်ကုန်၊ အင်းယားလမ်းက နိုင်ငံတော်ပိုင်မြေဟာ ၁ ဒသမ ၈၆ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ရှိပေမဲ့ ကာလတန်ကြေးရဲ့ ၃ ပုံ ၁ ပုံ၊ အမေရိ ကန်ဒေါ်လာ ၁၀ သန်း တန်ဖိုးဖြတ်ပြီး NUG က ရှယ်ယာတစုကို အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ပြီး အစုရှယ်ယာ တသိန်းတိတိရောင်းချနေတာပါ။

ဒါဟာ အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) အစီအစဉ်ရဲ့ ကနဦးခြေလှမ်းဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က လက်မှတ် ရေးထိုးထုတ်ပြန်ထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းယားလမ်း၊ ခြံအမှတ် ၁၄ က မြေနဲ့အဆောက်အအုံကို ကြိုတင်ရောင်းချနိုင်ရေး ပြည်သူ့ဆန္ဒကောက်ယူတဲ့ စစ်တမ်း တခုကို မကြာသေးခင်က ပြုလုပ်ခဲ့ပြီး စစ်တမ်းကောက်တဲ့ ၆ ရက်တာကာလအတွင်း စုစုပေါင်း ဆန္ဒပြုသူ ၁၈၀၀၀ ကျော်ရဲ့ ၉၇ ရာခိုင်နှုန်းကျော်က ဝယ်ယူမယ်လို့ဆန္ဒပြုခဲ့ကြပြီး ဝယ်ယူဖို့ အဆိုပြုပမာဏ စုစုပေါင်းကငွေကျပ် ၃၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇ သန်း) လောက်ရှိပါတယ်။

ဒီရောင်းချမှုကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄  ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နဲ့ အပိုဒ် ၅ အရ စီမံဆောင်ရွက်တာ ဖြစ်ပါတယ်။

4 months Ago
Up