close

ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲတွင် အာဏာရှင်ဟောင်း မားကို့စ်၏သား အပြတ်အသတ်အနိုင်ရ

.ဖိလစ်ပိုင် သမ္မတရွေးကောက်ပွဲမှာ ဖိလစ်ပိုင်အာဏာရှင်ဟောင်း မားကို့စ်ရဲ့သားဖြစ်သူ ဖာဒီနန် မားကို့စ် ဂျူနီယာက မဲအပြတ်အသတ်နဲ့အနိုင်ရလို့ သူ့ကို ထောက်ခံသူတွေ အောင်ပွဲခံနေကြပါတယ်။

မေ ၉ ရက်မှာကျင်းပခဲ့တဲ့ ဖိလစ်ပိုင် သမ္မတရွေးကောက်ပွဲမှာ ဖိလစ်ပိုင် အာဏာရှင်ဟောင်း မားကို့စ်ရဲ့ သားဖြစ်သူ ဖာဒီနန် မားကို့စ် ဂျူနီယာက ကနဦးမဲရေတွက်မှု တရားမဝင် ရလဒ်တွေအရ အနီးဆုံး ပြိုင်ဘက်ထက် မဲ ၂ ဆ အသာနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။  တရားဝင်မဲရလဒ်တွေ အတည်ပြုကြေညာဖို့ကတော့ သီတင်းပတ်နဲ့ချီကြာနိုင်တာဖြစ်ပါတယ်။ 

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အာဏာရှင်ရဲ့ သားကို သမိုင်းဝင် နိုင်ငံရေး တိုက်ပွဲရဲ့ စပ်ကူးမက်ကူး ကာလမှာ တွေ့ရတာပါ။

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တရားဝင် မဟုတ်သေးတဲ့ မဲရေတွက်မှုအရ အသက် ၆၄ နှစ်အရွယ် မားကို့စ်ဟာ သမ္မတ ရွေးကောက်ပွဲအတွက် မဲအများစုကိုရဖို့ လိုအပ်ချက်ဖြစ်တဲ့ မဲ စုစုပေါင်း ၂၇ သန်းခွဲကို ကျော်ဖြတ်ပြီး သန်း ၃၀ အထိမဲရနေပါတယ်။ သူ့ရဲ့  အနီးကပ်ဆုံးပြိုင်ဘက်  လက်ရှိ ဒုတိယသမ္မတဖြစ်တဲ့ လီနီ ရိုဘရီဒိုကတော့ ၁၄ သန်း ပဲရရှိတယ်လို့  CNN Philippines သတင်းမှာဖော်ပြပါတယ်။ 

ဒါဟာ ဖခင် အာဏာရှင် ၁၉၆၅-၁၉၈၆ အုပ်ချုပ်ချိန် အဆုံးသတ်ချိန်က စပြီး ပထမဆုံး အကြိမ် အဖြစ် မားကို့စ် မျိုးဆက်က သမ္မတ ရွေးကောက်ပွဲကို ဝင်လာတာလည်း ဖြစ်ပါတယ်။

လူထုအာဏာ လူထုအုံကြွမှုမှာ ဖြုတ်ချခံရအပြီး နိုင်ငံထဲကနေ အရှက်တကွဲ ဆုတ်ခွာသွားပြီးတဲ့ နောက် ၃၆ နှစ်အကြာမှာ မားကို့စ်မိသားစု အာဏာပြန်ရရေးဟာ အရင်ကဆိုရင် မတွေးဝံ့စရာ ဖြစ်မှာ သေချာသလောက်ပါ။

တရားဝင်မဟုတ်တဲ့ ရွေးကောက်ပွဲကော်မရှင် (COMELEC) ရဲ့ စာရင်းဇယားအရ အရည်အချင်းပြည့်မီသော မဲတွေရဲ့ ၈၁ ဒသမ ၈ ရာခိုင်နှုန်းကို ရေတွက်ပြီးချိန်မှာ မားကို့စ်ဂျူနီယာဟာ မဲ ၂၆ ဒသမ ၃ သန်း ရထားပြီး ဒုသမ္မတ လေနီ ရိုဘရေဒိုကတော့ မဲ ၁၂ ဒသမ ၅ သန်း ရထားပါတယ်။

မားကို့စ်မိသားစုဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ပြည်ပြေးအဖြစ်ကနေ ဖိလစ်ပိုင်ကို ပြန်လာခဲ့တာပါ။ 

ကြီးမားတဲ့ ကြွယ်ဝမှုနဲ့ ကျယ်ပြန့်တဲ့ အဆက်အသွယ်တွေကြောင့် သူတို့ သြဇာကို ဆက်ထိန်းနိုင်ခဲ့ ပြီး နိုင်ငံရေးမှာ အားပြန်ကောင်းလာခဲ့ပါတယ်။

မားကို့စ် ဂျူနီယာဟာ အုပ်ချုပ်ရေးမှူး၊ အောက်လွှတ်တော်အမတ်နဲ့ အထက်လွှတ်တော်အမတ် တာဝန်တွေကို ထမ်းဆောင်ခဲ့ဖူးပါတယ်။

သူ့ညီမဖြစ်သူ အီမီးကတော့ လက်ရှိမှာ အထက်လွှတ်တော် အမတ်ဖြစ်ပြီး အာဏာရှင်ဟောင်းရဲ့ ဇနီးသည် အီမယ်လ်ဒါ မားကို့စ်ကတော့ အောက်လွှတ်တော်အမတ် သက်တမ်းကို လေးကြိမ်ဆက် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up