ခြေစွမ်းပြသူမရှိသဖြင့် အကောင်းဆုံးဆုချီးမြှင့်ပွဲ ဖျက်သိမ်းရန် မန်ယူအသင်းသားများတောင်းဆို

မန်ယူနိုက်တက်အသင်းသားတွေဟာ အခုနှစ်ဘောလုံးရာသီမှာ ဘယ်သူကမှ ခြေစွမ်းပြသနိုင်ခြင်းမရှိတာကြောင့် နှစ်စဉ်ကျင်းပမြဲ အကောင်းဆုံးဆုပေးပွဲကို ဖျက်သိမ်းဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
Mirror သတင်းမှာဖော်ပြချက်အရ ယူနိုက်တက်ကစားသမားတွေဟာ အခုနှစ်ရာသီစွမ်းဆောင်ရည် အပေါ် စိတ်ပျက်နေကြပြီး အသင်းရဲ့အကောင်းဆုံး ကစားသမားဆုပေးပွဲနဲ့ ညစာစားပွဲအစီအစဉ် ကို ဖျက်သိမ်းဖို့ အသင်းတာဝန်ရှိသူတွေကို တောင်းဆိုထားတယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ လက်ကျန်တပွဲကစားဖို့ ရှိသေးပေမယ့် အခုနှစ်ရာသီဟာ သမိုင်းတလျှောက် ရမှတ်အနည်းဆုံး ဘောလုံးရာသီအဖြစ် မှတ်တမ်းတင်ကျန်ရစ်တော့မှာပါ။
ဒါ့အပြင် နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့အသင်းနဲ့ပွဲစဉ်မှာ အနိုင်ရလဒ်ရယူနိုင်မှသာ ယူရိုကွန်းဖရန့်လိဂ်ကစားရမယ့် အခြေအနေက နေရုန်းထွက်ပြီး ယူရိုပါလိဂ်ကစားခွင့်ရမှာဖြစ်ပါတယ်။
ကစားသမားတွေဘက်က ဆုပေးပွဲဖျက်သိမ်းလိုက်ဖို့ တောင်းဆိုထားမူအပေါ် အသင်းဘက်က လက်ခံသဘောတူခဲ့တယ်လို့လည်း Mirror သတင်းစာကဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်အသင်းရဲ့ ပြီးခဲ့တဲ့ နှစ်ရာသီမှာ တနှစ်တာ အကောင်းဆုံးကစားသမားဆုတွေကိုတော့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ၂ နှစ်ဆက်တိုက် ရရှိခဲ့ပါတယ်။