close

ရေးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်နဲ့  ရေးမြို့နယ်မဟာမိတ်တပ်ဦးတို့  မေ ၂၁ ရက် မနက်ကတိုက်ပွဲဖြစ်ခဲ့တယ်လို့   မွန်ပြည်နယ် အခြေပြုတော်လှန်ရေး အဖွဲ့စည်း MSRO တာဝန်ရှိသူက ပြောပါတယ်။

ရွာကလေးကျေးရွာဘက်ကို စစ်ကောင်စီတပ် အင်အား ၆၀ နီးပါးလောက် စစ်ကြောင်းထိုးလာမှာ မနက် ၁၁ နာရီလောက်နေ ၁၂ နာရီလောက်အထိ တနာရီလောက် တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေကို လိုက်လံပိတ်ဆို့တဲ့အခါ  မဟာမိတ်တပ်ဦး တပ်စိတ် ၈ မှ ကင်းပုန်းသမားနဲ့ စတင်ထိတွေ့ပြီး နှစ်ဖက်လုံးက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့  မဟာမိတ်တပ်ဘက်က ပြောပါတယ်။

ဒီနောက် မဟာမိတ်တပ်ဦး တပ်စိတ် ၁၀ နဲ့ စစ်ကောင်စီတပ်တွေ ထပ်မံထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ကေအန်ယူနယ်မြေတွင်းမှာ ပစ်ခတ်မှုဖြစ်ပွားတဲ့အတွက် ကေအန်ယူဘက်က စစ်ကောင်စီတပ်တွေကို  ပစ်ခတ်ခဲ့ရာမှာ စစ်တပ်က အနည်းဆုံး ၁၀ ယောက်လောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ရွာသားတွေကတော့ နှစ်ဖက် ပစ်ခတ်နေတဲ့ သေနတ်သံတွေကြားရပြီးတဲ့နောက် လုံခြုံရတဲ့ နေရာတွေမှာ ရှောင်ပြေးပြီး အနီးနားကရွာတွေမှာ ခိုလှုံနေရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

အခုတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ စစ်ကောင်စီရဲ့ ပြန်ကြားဌာနက သတင်းထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

//
Up