close

ရန်ကုန်ဖက်ဒရယ်ကျောင်း စတင်ဖွင့်လှစ်

ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းတွေကို အခြေခံတဲ့ ပြည်သူ့ပညာရေးကျောင်းအဖြစ် Yangon Federal School ကို မေ ၃၀ ရက် ဒီကနေ့ စတင်တည်ထောင်ဖွင့်လှစ်ကြောင်း ထုတ်ပြန်ကြေညာ ထားပါတယ်။

ဒီကျောင်းကိုတော့ ရန်ကုန်တိုင်းအတွင်းက စစ်ကောင်စီပညာရေးကို သပိတ်မှောက် တော်လှန်နေတဲ့ ကျောင်းသားကျောင်းသူတွေအတွက် ပညာသင်ယူနိုင်တဲ့အခွင့်အလမ်းတွေ စဉ်ဆက်မပြတ်စေဖို့၊ ကြားကာလ ပညာရေးကို အရှိန်တိုးမြှင့်လုပ်ဆောင်နိုင်ဖို့အတွက် ရန်ကုန်တိုင်းအတွင်းက မြို့နယ်ပညာရေးဘုတ်အဖွဲ့တွေစုပေါင်းပြီး Yangon Federal School ကျောင်းဖြစ်မြောက်ရေးကော်မတီကို ပြီးခဲ့တဲ့ မေ ၂၇ ရက်က ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီဟာ မေ ၂၆ ရက်ကနေ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းအပ်လက်ခံနေပြီး ကျောင်းအပ်နှံသူဦးရေလည်း တချို့ နေရာတွေမှာတော့ တိုးလာနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ အနာဂတ်ရင်သွေးငယ်ကျောင်းသားကျောင်းသူတွေဟာ ကိုဗစ်ကပ်ရောဂါ၊ စစ်အာဏာရှင်ရဲ့ ဆိုးယုတ်မှု၊ စစ်ကျွန်ပညာရေး သပိတ်မှောက်ဆန့်ကျင်မှုတွေကြောင့် ပညာသင်ယူနိုင်မှု အခွင့်အလမ်းတွေ နည်းပါးခဲ့ရတယ်လို့ Yangon Federal School က ဆိုပါတယ်။

ကျောင်းအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ကြားကာလပညာရေးအစီအမံတွေနဲ့ ပြည်သူ့ပညာရေးယန္တရားကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH)၊ ရန်ကုန်တိုင်းအတွင်းက ပညာရေးအစုအဖွဲ့တွေ ၊ ကျောင်းသားသမဂ္ဂတွေ ၊ တော်လှန်အစုအဖွဲ့တွေနဲ့လည်း ချိတ်ဆက်ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Yangon Federal School ကို ဆက်သွယ်အပ်နှံလိုသူတွေအနေနဲ့ကတော့ ကျောင်းတာဝန်ခံ၊ အီးမေးလ်လိပ်စာ [email protected] ကတဆင့် ဆက်သွယ်စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်းစစ်ကောင်စီ ဖွင့်လှစ်တဲ့‌ စာသင်ကျောင်းတွေမှာ ကျောင်းသားလူငယ်တွေ ကျောင်းတက် ပညာသင်ဖို့ မသင်ဖို့နဲ့ပတ်သက်ပြီး ကျောင်းသားမိဘတွေ၊ စစ်ကျွန်ပညာရေး သပိတ်မှောက် ကျောင်းသားတွေ၊ အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်တဲ့အနေနဲ့  ကျောင်းမတက်ဘဲနေကြဖို့ လှုံ့ဆော်တိုက်တွန်းကြသူတွေအကြား အတွေးအမြင်မတူ ကွဲပြားနေကြပြီး အမျိုးသားညီညွတ်ရေးအစိုးက (NUG) ကတော့ စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားလည်ပတ်ဖို့အတွက် စာသင်ကျောင်းတွေ ပြန်ဖွင့်တာနဲ့ စစ်ကောင်စီရဲ့ ပညာရေးလုပ်ဆောင်မှုတွေကို အသိအမှတ်မပြုတဲ့အကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ် စတဲ့ ဒေသတွေမှာတော့ စစ်ကောင်စီတပ်တွေက စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ အပါအဝင်  ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေတာကြောင့် ရွာသူရွာသားတွေ စစ်ဘေးရှောင်နေကြရပြီး ကလေးငယ်တွေ ပညာသင်ယူခွင့် ဆုံးရှုံးနေကြတာပါ။

မနှစ်က အခြေခံပညာစာသင်ကျောင်းတွေ ပြန်ဖွင့်ချိန်မှာ ကျောင်းလာအပ်တဲ့ ကျောင်းသား ဦးရေ ၄၇ သိန်းကျော်ရှိပြီး ကျောင်းတက်သူ ၃၃ သိန်းရှိတယ်လို့ စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

//
Up