close

ဩစတြေးလျစစ်တပ်ကင်းထောက်လေယာဉ်ကို တရုတ်တိုက်လေယာဉ် နှောင့်ယှက်

တရုတ်တိုက်လေယာဉ်တစီးဟာ ဩစတြေးလျစစ်တပ် ကင်းထောက်လေယာဉ်ကို တောင်တရုတ်ပင်လယ်ထဲမှာ မေလတုန်းက အန္တရာယ်ရှိလောက်အောင် ကြားဖြတ် ပျံသန်းခဲ့တယ်လို့ ဩစတြေးလျကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၅ ရက်မှာ ပြောပါတယ်။

ဩစတြေးလျ လေတပ်ရဲ့ P-8 ပင်လယ်ပြင် ကင်းထောက်လေယာဉ်ကို တရုတ် J-16 တိုက်လေယာဉ်က ကြားဖြတ် ပျံသန်းခဲ့တာပါ။

ဒေသတွင်း နိုင်ငံတကာ လေပိုင်နက်ထဲမှာ ပုံမှန် ပင်လယ်ပြင် ကင်းထောက်လုပ်ငန်းတွေ ဆောင်ရွက်နေတုန်း ခုလို ဖြစ်တာလို့ ကာကွယ်ရေးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။

P-8 လေယာဉ်နဲ့ လေယာဉ်အမှုထမ်းတွေအတွက် ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်နိုင်တဲ့ အန္တရာယ်ရှိတဲ့အဖြစ်အပျက်နဲ့ ပတ်သက်ပြီး စိုးရိမ်မိတယ်လို့ ဩစတြေးလျ ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနိစ်က သတင်းထောက်တွေကို ပါ့သ်မြို့မှာ ပြောပါတယ်။

တရုတ်ဟာ ပစိဖိတ်ကျွန်းနိုင်ငံတွေနဲ့ ဒေသတွင်း လုံခြုံရေး သဘောတူညီချက်တွေ ရဖို့ ကြိုးစားပြီးတဲ့နောက် ပစိဖိတ်ဒေသအတွင်း တရုတ်ဩဇာ ကြီးထွားလာတာနဲ့အမျှ အကြီးစား ကုန်သွယ်ဘက်နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ဩစတြေးလျတို့ ကြား ဆက်ဆံရေးဟာ လတ်တလောမှာ မချောမမွေ့ ဖြစ်နေတာပါ။

ဖေဖော်ဝါရီလတုန်းက တရုတ် စစ်သင်္ဘောတစီးဟာ ဩစတြေးလျရဲ့ ပင်လယ်ပြင်ကင်းထောက် လေယာဉ်တစီးကို လေဆာရောင်ခြည်နဲ့ ချိန်ရွယ်ခဲ့တယ်လို့ ဩစတြေးလျက ပြောအပြီး တရုတ်နဲ့ ဩစတြေးလျတို့ဟာ တဘက်နဲ့တဘက် မခံချိန် မခံသာ စကားတွေကို အပြန်အလှန် ပြောဆို ခဲ့ကြပါတယ်။ 

//
Up