close

အရာတော်မြို့တွင် စစ်ကောင်စီက မီတာခ ၄ လစာ အဓမ္မ ဆောင်ခိုင်းနေ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ မြို့နယ်လျှပ်စစ်ရုံးက ဇွန် ၄ ရက်စတင်ကာ နေအိမ်တွေကို  မီတာစာရွက်တွေ လိုက်လံဝေငှပြီး မီတာခ ၄ လစာ ဆောင်ခိုင်းနေတယ်လို့ အရာတော်ဒေသခံတွေက ပြောပါတယ်။

မီတာခ စာရွက်လိုက်လံဝေငှရာမှာ နေအိမ်တစ်အိမ်ကို မီတာခ ၄ လစာအတွက် စာရွက် ၄ ရွက်ပေးသွားတာကြောင့်  ‌‌လက်လုပ်လက်စားသမားတွေအတွက် အခက်ခဲဖြစ်နေရတယ်လို့ သိရပါတယ်။

"ကျမတို့က တစ်ရက်လုပ်မှ တစ်ရက်စားရတာ။ ၄ လစာ တစ်ခါတည်းဆောင်ရမယ်တဲ့။ မဆောင်ရင် မဆောင်တဲ့အိမ်ကို မီးကြိုးဖြုတ်မှာမို့ မီတာခ ဆောင်ဖြစ်အောင် ဆောင်လို့ ပြောသွားတယ်။ နောက်ပြီး ပေးစရာလဲ မရှိဘူး။" လို့ အရာတော်မြို့ခံ တစ်ဦးက ပြောပါတယ်။

မီတာခစာရွက် လိုက်လံဝေငှရာမှာ မြို့နယ်မီတာစာရေး ရှစ်ယောက် လောက်သာပါရှိပြီး စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုတော့ မတွေ့ရဘူးလို့ သိရပါတယ်။

ဒါပေမဲ့  အရာတော်မြို့ပေါ်က လမ်းတွေမှာတော့ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက အရပ်ဝတ်တွေနဲ့ ကင်းပုန်းဝပ်တာ၊ သွားလာတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

အရာတော်မြို့နေပြည်သူအများစုကတော့ စစ်အာဏာသိမ်းပြီးချိန်ကစပြီး စစ်ကောင်စီရဲ့ ဝင်ငွေ တစ်ခုဖြစ်တဲ့ လျှပ်စစ်မီတာခ ပေးဆောင်မှုကို သပိတ်မှောက်ထားကြတာလည်း ဖြစ်ပါတယ်။

//
Up