close

ယင်းမာပင်မြို့တွင် စစ်ကောင်စီဖွင့်လှစ်သည့် စာသင်ကျောင်း ဖွင့်ပွဲအပြီး စာသင်ကြားမှုမရှိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့မှာ စစ်ကောင်စီကဖွင့်လှစ်တဲ့ အခြေခံပညာစာသင်ကျောင်းဟာ ကျောင်းဖွင့်ပွဲပြုလုပ်ခဲ့ပေမယ့် ကျောင်းလာတက်တဲ့ ကျောင်းသူ ကျောင်းသား မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်ခရိုင် ရဲစခန်းအနီးမှာရှိတဲ့ အမှတ်-၂ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှာ ဇွန် ၂ ရက်က ကျောင်းဖွင့်ပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီကျောင်းမှာ စာသင်ကြားမယ့် ကျောင်းအပ်လက်ခံစာရင်းမှာ အထက်တန်းအဆင့်ကနေ မူလတန်းအဆင့်ထိ ကျောင်းသားကျောင်းသူဦးရေ စုစုပေါင်း ၄၀ ဝန်းကျင်ရှိခဲ့တဲ့အထဲ စစ်ကောင်စီ လက်အောက်ခံ  ဝန်ထမ်းသားသမီးတွေသာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ကျောင်းဖွင့်ပွဲပြီးတဲ့နောက်တနေ့ ဇွန် ၃ ရက်မှာတော့ စာသင်ကြားပေးဖို့ Non CDM ဆရာဆရာမတွေကို စာထုတ်ပြီး ဆင့်ခေါ်ထားခဲ့ပေမဲ့ သုံး၊ လေးယောက်လောက်သာ လာခဲ့ပြီး လာရောက်တဲ့ဆရာဆရာမတွေကလည်း စာသင်ကြားခြင်းမရှိဘဲ ပြန်သွားကြတယ်လို့  ဒေသခံတဦးက ပြောပါတယ်။ 

ကျောင်းဖွင့်ပွဲပြုလုပ်ခဲ့တဲ့ ဇွန် ၂ ရက်ကလည်း  PDF ပူးပေါင်းအဖွဲ့တွေက တာဝေးပစ်လက်နက်ကြီးနဲ့  ပစ်ခတ်တိုက်ခဲ့တာရှိခဲ့ပြီး စစ်ကောင်စီတပ်သား သုံးယောက် ထိခိုက်မှုရှိခဲ့ ပါတယ်။

စာသင်ကျောင်းပေါင်း ၁၃၅ ကျောင်းရှိတဲ့ ယင်းမာပင်မြို့နယ်မှာ  စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်ထက်မှာ စာသင်ကျောင်းတကျောင်းမှ ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘဲ ပထမ ခြေလှမ်းအနေနဲ့ ယင်းမာပင်မြို့ပေါ်ရှိ စာသင်ကျောင်းတစ်ကျောင်းကို ဖွင့်လှစ်ဖို့ စစ်ကောင်စီဘက်က ကြိုးစားနေပါတယ်။

//
Up