close

ယင်းမာပင်

close

May 13, 2023

ယင်းမာပင်၌ လက်နက်ကြီးကြောင့် ကလေး ၃ ဦး သေဆုံး၊ ကလေးမြို့နယ်တိုက်ပွဲတွင် PDF ရဲဘော် ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း ယင်မာပင်မြို့နယ်၊ ဘန့်ဘွေးထန်ဇင်ရွာက စစ်ဘေးရှောင်တွေကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကလေး ၃ ယောက် သေဆုံးပြီး လူကြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကြောင့် ၄ လအရွယ်၊ ၆ နှစ်အရွယ်နဲ့ ၁၆ နှစ်အရွယ် ကလေး ၃ ယောက် သေဆုံးခဲ့တာလို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ မေ ၁၁ ရက်က နဘူးတောရွာကို လက်နက်ကြီးနဲ့ပစ်ခတ်ဝင်ရောက်ကာ ရွာသား ကိုဌေးနိုင်ကို သတ်ဖြတ်ခဲ့ပြီး မေ ၁၂ ရက်မှာတော့ ဘန့်ဘွေးထန်ဇင်ရွာအုပ်စု၊ မယ်ဇော်တောဘက်ကို လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ကူညီကယ်ဆေးရေးလုပ်ပေးနေတဲ့ ဒေသခံ အမျိုးသမီးတဦးက “ဇူးဇူးစံ အသက် ၆ နှစ်က ရင်ဘက်ပွင့်ထွက်‌ သေတယ်။ မဝေဝေဌေး ၁၆ နှစ်က နေရာတင်ပွဲချင်းပြီး သေဆုံးတာပါ။ နောက် မဖြူစန်း အသက် ၃၀ ကျော်အရွယ်နဲ့ သူ့ရဲ့ ၄ လသားအရွယ် ကလေးငယ်ပါ။ ဖြူစန်းကတော့ ရင်ဘက်ကနေ နောက်လက်ပြင်ပေါက်ထွက် ဒဏ်ရာရယ်၊ သူ့ကလေးကတော့ ညာဘက်နားထင်ကနေ ဘယ်ဘက်နားထင်ပေါက်ထွက် ဒဏ်ရထားတယ်။ အခြေအနေကတော့ စောင့်ကြည့်အနေအထားပါ။ အသက် ၆၀ အရွယ် ဒေါ်ဌေးရီကတော့ ညာဘက်လက် ပြတ်ထွက်သွားတယ်။ ဒဏ်ရာရသူ‌‌တွေ အကုန်လုံးကတော့ စစ်ကြောင်းလည်းရှိနေတော့ ဆေးကုသဖို့ မဖြစ်နိုင်သေးတော့ သွေးထွက်လွန်နေတယ်” လို့ ပြောပါတယ်။ 

စစ်တပ်က ပစ်ခတ်ဝင်ရောက်ပြီးနောက် ထန်းဇင်တောထဲက ဒေသခံ ၁၀ ယောက်ကို ဖမ်းဆီးသွားပြီး ကနီမြို့နယ် လယ်ရှည်ရွာကို ထွက်သွားတယ်လို့ သိရပါတယ်။

အခုလို စစ်ကြောင်းထိုးလာတာကြောင့် ယင်းမာပင်မြို့နယ်ထဲက ထန်းဇင်ရွာ၊ မယ်ဇော်တောတိုက်၊ ရေသောက်ကန်တောတိုက်နဲ့ ကနီမြို့နယ် လယ်ရှည်ရွာ၊ တွင်းရွာကဒေသခံ ထောင်နဲ့ချီ ထွက်ပြေး နေရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုဟ်ဘက်မှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ‌တွေ ပြုလုပ်ခဲ့တာ‌ကြောင့် PDF ရဲဘော်တဦး ကျဆုံးခဲ့တယ်လို့ ခုံသာရွာ ဒေသခံတွေက ပြောပါတယ်။

မေ ၁၁ ရက် မနေ့မနက်က စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ရာဇဂြိုဟ်အနီးက အကျဉ်းစခန်းကို ကလေး PDF တပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ကျနော်တို့အဖွဲ့က အကျဉ်းစခန်းကို မနက်ပိုင်း ဝင်တိုက်ခဲ့တာ။ တိုက်နေချိန် စစ်တပ်ဘက်က လေကြောင်းပစ်ကူတွေ သုံးလာလို့ နောက်ဆုတ်ခဲ့ရတယ်။ ရဲဘော် ကိုကျော်ကြီး တိုက်ပွဲမှာ ကျသွားတယ်။ စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှု အခြေအနေတော့ မသိခဲ့ရဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါတိုက်ပွဲကြောင့် တိုက်ပွဲဖြစ်ပွားရာအနီးက ရာဇဂြိုဟ်မြို့ အပါအဝင် အရှေ့ခုံသာ၊ အနောက်ခုံသာ၊ ကြက်ဖိနပ်ကျေးရွာတွေက ဒေသခံတွေပါ ကလေးမြို့ပေါ်တွေနဲ့ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“စစ်ရှောင်လူဦးရေကတော့ များတယ်။ ရာသီသီးနှံ (မြေပဲနဲ့ နေကြာ) သိမ်းနေချိန်ကြီး ပြေးကြရတာ။ ရွာထဲတွေတော့ ပစ်တာမျိုးမရှိသေးဘူး။ ရွာမှာမနေရဲလို့ တိမ်းရှောင်ကြတဲ့ သဘောပါ။”

အဲ့‌ဒီတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထား မတွေ့ရသေးပေမဲ့ ရာဇဂြိုဟ်အကျဉ်းစခန်းမှာ စစ်ကောင်စီတပ်သားတွေ အင်အားတိုးချဲ့ ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

4 mins Ago

April 19, 2023

ယင်းမာပင်မြို့နယ်၌ စစ်ကောင်စီတပ်က ပြည်သူလူထုထံမှ ရွှေ၊ ငွေ၊ တိရစ္ဆာန်များ လုယက် သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်တွေဟာ  ဧပြီ ၁၉ ရက် ဒီနေ့ မနက် ၉ နာရီက အင်အား ၉၀ ကျော်နဲ့ ထန်းဇင်ရွာကို စစ်ကြောင်းထိုးလာပြီး ပြည်သူလူထု အိမ်တွေကို မွှေနှောက်ရှာဖွေကာ အဖိုးတန်ပစ္စည်းတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုပါ သတ်ဖြတ်ယူဆောင် သွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

ထန်းဇင်ကျေးရွာဟာ ဘန့်ဘွေးရွာနဲ့ အနီးဆုံးရွာတရွာဖြစ်ပြီး စစ်ကောင်စီတပ်တွေဟာ ဘန့်ဘွေးရွာအခြေစိုက်နေရာက စစ်ကြောင်းထိုးဝင်ရောက်လာတာလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။  

ထန်းဇင်ကျေးရွာခံတဦးက “သူတို့ရိက္ခာပြတ်တိုင်း ကျမတို့ရွာက အခုလို အကြိမ်ကြိမ် အလုပ်ခံနေရတယ်။ ဒီနေ့လည်း ရွာထဲကအိမ်တွေကို ရှာဖွေတာတွေလုပ်သလို နွား ၅ ကောင်ထက်မနည်း ယူဆောင်သွားတယ်။ ဇီးတွေနဲ့ ဝက်မကြီးလည်း သတ်ဖြတ်ပြီး ယူသွားကြတယ်။ ကျန်တဲ့ ကျေးရွာထဲက ဝက်တွေလည်း သတ်ဖြတ်ယူတာတွေလည်း ခံရတယ်။ အကောင်ရေတော့ အတိအကျ စာရင်းမကောက်ရသေးဘူး။ တချို့သူတွေရဲ့ အိမ်တွေထဲက ရွှေ၊ ငွေနဲ့ ပရိဘောဂတွေလည်း အကုန်သယ်ယူတာတွေလည်း ရှိတယ်။ လူတွေကတော့ သူတို့လာပြီလို့ သတင်းကြားတာနဲ့ အကုန်ထွက်ပြေးကြတာဆိုတော့ အသေအပျောက်၊ အဖမ်းခံရတာ မရှိဘူး။ အိမ်တွေအမွှေခံရတာရယ်၊ အိမ်ထဲမှာရှိတဲ့ ဆိုင်ကယ် ၅ စီးထက်မနည်း ယူဆောင်ခံရတာတွေတော့ ရှိတယ်” လို့ ပြောပါတယ်။

ဘန့်ဘွေးရွာကို စစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကစလို့ ဝင်ရောက်တပ်စွဲနေတာဖြစ်သလို အနီးပတ်ဝန်းကျင်ကျေးရွာကို အကြိမ်ကြိမ်ဝင်ရောက် ပစ်ခတ်မီးရှို့ခဲ့တာကြောင့် နဘူးတောရွာမှာ အိမ်ခြေ ၂၀ ထက်မနည်း မီးလောင်ဆုံးရှုံးရသလို ဒေသခံ ၁၀ ယောက်လောက် စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခံခဲ့ရပါတယ်။

ပြီးခဲ့ရက်ပိုင်းကလည်း ထန်းဇင်ရွာကို စစ်တပ်ကဝင်ရောက်ပစ်ခတ်တာကြောင့် ဒေသခံ အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦး ခြေချင်းဝတ် ကျည်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

3 weeks Ago
Up